ရခိုင်မြောက်ပိုင်း မွတ်ဆလင်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို မလေးရှားသို့ သင်္ဘောဖြင့် ခိုးသွင်းနေသည့် လူကုန်ကူးဂိုဏ် ခေါင်းဆောင်တဦးကို ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှု စုံစမ်းရေးဌာန (CID)က ဖမ်းဆီးလိုက်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုသူမှာ Tejaon ကောလိပ်တွင် စီးပွားရေး လုပ်ငန်းဆိုင်ရာ သင်တန်းဆရာတဦးအဖြစ် လုပ်ကိုင်နေသော မိုဟာမက် အဆမ် ဆိုသူဖြစ်သည်။ သူ၏ ဂိုဏ်းဝင်များသည် တာကာငွေသန်း ၂၅၀ အထိ ရရှိထားကြောင်း ၎င်းတို့၏ ငွေပေးငွေယူ မှတ်တမ်းများအရ ထင်ရှားသည်ဟု CID ၏ ဂိုဏ်းဖွဲ့ရာဇဝတ်မှုဌာနခွဲမှ အထူးအရာရှိ မိုလာ နွတ်ယူး အစ္စလမ်ကပြောသည်။
“သူ့ကို မြို့တော်မှာ ရှိတဲ့ ကာဝန်ဈေးမှာ ဖမ်းလိုက်တာပါ၊ ရာနဲ့ချီတဲ့ လူတွေကို ဒီဂိုဏ်းက ခိုးသွင်းခဲ့ တယ်လို့ ကျနော်တို့ ယူဆတယ်။သူတို့က ငွေ တာကာ သန်း ၁၀၀၀ လောက်အထိရထားကောင်း ရထားနိုင်တယ်။ ဆက်လက်စုံစမ်းစစ်ဆေးနေ တယ်” ဟု အထက်ပါ အထူးအရာရှိက CID တွင် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
မလေးရှားနိုင်ငံတွင် နေထိုင်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော မိုဟာမက်အဆမ်၏ဖခင် အနိုဝါ ဟိုစိန်နှင့် အကိုကြီး မိုဟာမက် ခိုဘိတ်တို့လည်း လူကုန်ကူးရာတွင်ပါဝင်ပတ်သက်ကြောင်း၊ အလားတူ တခြားသံသယရှိသူများတွင် အဆမ်၏ ညီ ဂျေ့မိုစတာဖာ၊ မိခင် ခါဒီဇာနှင့် ဂိုဏ်းဝင်များဖြစ်ကြသော အရစ်၊ အက်ကရမ်၊ အော့စမန် ဆော်ဒါနှင့် အရစ်ဖူဇမန် အကန်းတို့ပါ ဝင်သည်ဟု အထူးအရာရှိ၏ ပြောဆိုရာတွင် ပါဝင်သည်။
“တက္ကနဖ်က မော်လဗီပါရာမှာရှိတဲ့ အဆမ်ရဲ့ အိမ်ကို ကျနော်တို့ သွားရှာပေမယ့် ဘယ်သူ့ကိုမှမတွေ့ ဘူး။ အဆမ်ဟာ ဂိုဏ်းခေါင်းဆောင်ဖြစ်ပုံရတယ်” ဟုလည်းသူပြောသည်။
၂၀၁၆ ခုနှစ် မတ်လက လူကုန်ကူးခံရသူတဦး၏ ဖခင်က ဆီရက်ဂန့်ရှိ အူလာပါရာ ရဲစခန်းတွင် အမှု ဖွင့်ရာမှ အဆမ်၏ အကြောင်းကို ရဲတပ်ဖွဲ့က သိလာခြင်းဖြစ်ပြီး၊ လူကုန်ကူးသူများက သူ၏သား မာဆတ်ကို ၂၀၁၄ ခုနှစ်က မလေးရှားသို့ ပို့ဆောင်ခဲ့ပြီး ဓားစာခံအဖြစ်ဖမ်းဆီးထားကာ ခြိမ်းခြောက် ငွေ ၃.၁၀ သိန်းတောင်းခံသည်ဟု တိုင်ကြားခဲ့ကြောင်း အထက်ပါ အထူးအရာရှိပြောသည်။
ထိုငွေကို ဒါကာရှိ ငွေစာရင်းတခုသို့ လွှဲပေးရန် တောင်းခဲ့ပြီး၊ ငွေပေးသော်လည်း သူ၏ သားပြန်လွတ် မလာကြောင်းလည်း တိုင်ချက်တွင် ဖော်ပြသည်။
“ဒီအမှုကို CID ကို လွှဲပေးလို့ ကျနော်တို့စုံစမ်းလိုက်တော့ အဆမ်နဲ့ သူ့ရဲ့လူကုန်ကူးဂိုဏ်း ပါဝင် ပတ်သက်နေတာ တွေ့ရတယ်” ဟု အထက်ပါ အရာရှိက ရှင်းပြသည်။
ထို့နောက် မိုဟာမက် အဆမ်ကို လွန်ခဲ့သောနှစ် မေလ ၂ ရက်နေ့တွင် ဘန်နာနီ ရဲစခန်းတွင် ငွေကြေး ခဝါချမှု တိုက်ဖျက် ရေး ဥပဒေဖြင့် အမှုဖွင့်ထားရာမှ CIDက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ တရားရုံးတွင် ရမန် ၃ကြိမ်ယူခဲ့ပြီး နောက်ထပ် ရမန် ထပ်ယူရန် CID ကတောင်းဆိုရာ တရားရုံးက ပယ်ချသည့် အတွက် လွန်ခဲ့သည့် တနင်္ဂနွေက ကစ်ရှ်ဟိုရန်ဂန့် ရှိ ဘဂျစ်ပါ ရဲစခန်းတွင် ဖွင့်ထားသော အမှုအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြန်လည်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
သူ၏ ဖခင် အန်ဝါသည် ၁၉၆၀ ခုနှစ်များက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရောက်ရှိလာသူဖြစ်ပြီး မော်လာဗီပါရာတွင် စတင်နေထိုင်ကြောင်း ထို့နောက် ၁၉၉၀ ခုနှစ်ခန့်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း၊ အဆမ်၏ညီ ဂျေ့ဗ်သည် တက်နဖ်တွင် အဝတ်အထည်ဆိုင်ဖွင့်ထားပြီး အယောင်ပြအဖြစ်လုပ်ကိုင်သည်ဟု ကောက်ဘဇားသတင်းထောက်က ဆိုသည်
၂၀၁၅ ခုနှစ် နှစ်လည်က အစုလိုက်အပြုံလိုက် မြှုုပ်နှံထားသော သူတို့အခေါ် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ သချုၤိင်းကို ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံ မြောက်ပိုင်းတို့တွင် တွေ့ရှိခဲ့ပြီးနောက် ဒေသတွင်း လူကုန်ကူးခြင်း သည် သတင်းစာများတွင် ပါဝင်နေသည်မှာ အတန်ကြာပြီဖြစ်သည်။
၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အတွင်း လူကုန်ကူးခံရသူများအား အစုလိုက်အပြုံလိုက် မြုပ်နှံထားသည့် ထိုင်းတောင်ပိုင်းနှင့် မလေးရှားနိုင်ငံဘက်ခြမ်းတွင် ဖော်ထုတ်နိုင်ခဲ့ပြီး ထိုစဉ် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၃၆ဦး မြုပ်နှံသည့် နေရာနှင့် မလေးရှားဘက်ခြမ်း တောတွင်းတွင် ၁၃၉နေရာ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၅ ခုနှစ် မတ်လအတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေများမှလူ ၈၄၀၀၀ ခန့် လှေများဖြင့် ထွက်ခွာခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ် နှစ်လယ်အတွင်း လူ ၁၁၀၀ ပင်လယ်ပြင်တွင်သေဆုံးခဲ့သည်ဟုလည်း ကုလသမဂ္ဂက ဆိုသည်။