ဟောင်ကောင်တွင် ကျင်းပမည့် အာရှ၏အကြီးဆုံးနှင့် အခမ်းနားဆုံး Hong Kong October Show 2018 ကုန်စည်ပြပွဲကို မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ထုတ်ကုန်များကို လာရောက်ပြသနိုင်ကြောင်း ကုန်စည်ပြပွဲ တာဝန်ရှိသူများက တရားဝင် ဖိတ်ခေါ်လိုက်သည်။
နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်မည့် Hong Kong October Show 2018 ကုန်စည်ပြပွဲကို ဟောင်ကောင်မြို့တော်ရှိ Hong Kong Convention and Exhibition Center တွင် အောက်တိုဘာလ ၂၀ ရက်မှ ၂၃ ရက်အထိတကြိမ်၊ ၂၇ ရက်ကနေ ၂၉ ရက်အထိ တကြိမ် နှစ်ပိုင်းခွဲ၍ ၇ ရက်တိုင်တိုင် ကျင်းပြပြုလုပ် သွားမည် ဖြစ်ကြောင်း Comasia Limited မှ General Manager မစ္စတာ Henry Fong က ပြောသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို Hong Kong October Show 2018 ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသရန် ဖိတ်ခေါ်သည့် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂီလာ ဟိုတယ်တွင် သြဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့သည်။
မစ္စတာ Henry Fong က “ပြပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ကုန်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဟောင်ကောင်ပြပွဲမှာ လာရောက်ပြသ စေချင်တယ်။ ပြီးတော့ တခြားနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းအချင်းချင်း ချိတ်ဆက် လုပ်ကိုင်စေချင်တာလည်း ပါတယ်။ နောက်တခုက ကုန်ထုတ်လုပ်သူမှ မဟုတ်ဘူး။ ဝယ်မယ့်သူတွေကိုလည်း ဖိတ်ချင်တဲ့အတွက် ရည်ရွယ်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ပြပွဲတွင် အာရှဒေသထုတ် ကျောင်းသုံး၊ ရုံးသုံးစာရေး ကိရိယာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သန့်စင်ခန်းသုံးဆက်စပ် ပစ္စည်းများ၊ အိမ်တွင်းနှင့် မီးဖိုချောင်သုံး ဆက်စပ် ပစ္စည်းများ၊ ခရစ်စမတ်ပွဲတော် ရာသီအလိုက် ပွဲတော်နဲ့ ဆက်စပ်သောကုန်ပစ္စည်းများ၊ လက်ဆောင် ပစ္စည်းများနဲ့ ခရီးသွားသုံးကုန်ပစ္စည်းများ၊ အရုပ်နဲ့ ဂိမ်းဆိုင်ရာ ကုန်စည်များအစရှိသည့် ကုန်စည် ၇ မျိုးကိုတရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဂရိနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်ပေါင်း ၄၁၀၀ ခန့်က ပြခန်းပေါင်း ၅၃၀၀ ကျော်ကို ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုပြပွဲသည် တရုတ်နိုင်ငံတောင်ပိုင်း၏ ပုံမှန်ဆောင်းဦးရာသီ အထူးကုန်စည်ပြပွဲ တခုဖြစ်သည့် အပြင် နှစ်စဉ်ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၂၆ နှစ်ကြာခဲ့ပြီလည်း ဖြစ်သည်။
N.C.C.EXHIBITION ORGANIZER ကုမ္ပဏီမှ စီနီယာပရောဂျက်မန်နေဂျာ မစ္စတာ AjinveatVhongthong (DD) က “ပြပွဲမှာက ပြသမယ့် ပစ္စည်းကများတဲ့ အခါကျတော့ ၂ ပိုင်းခွဲ ပြမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ပါဝင်ပြသမယ်ဆိုရင် နိုင်ငံတကာက အဝယ်တော်တွေကို ပြသရာရောက်သလို ပို့ကုန်လုပ်ငန်းရှင်တွေဆိုလည်း နိုင်ငံမျိုးစုံကနေ အရည်အသွေးရှိတဲ့ ပစ္စည်းကို ရနိုင်မှာ ဖြစ်တယ်။ ဒါကတကမ္ဘာလုံးနဲ့ ချိတ်ဆက်နိုင်မယ့် ပလပ်ဖောင်းတခု ဖြစ်တယ်။ ဒါကြောင့် လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ရှင်းပြသည်။
အဓိကအားဖြင့် ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းရှင်များ အတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည့် ပြပွဲ တခုဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများကို ဖိတ်ခေါ်ရခြင်းမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ပြပွဲတွင်လည်း တက်ရောက်သူမှာ အာရှကပို၍ များပြားခဲ့သောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် Hong Kong October Show 2017 ကုန်စည်ပြပွဲသို့ နိုင်ငံပေါင်း ၁၃၀ မှ ဈေးဝယ်သူ စုစုပေါင်း ၅ သောင်းခန့် တက်ရောက်ခဲ့ပြီး ယခုနှစ်ပြပွဲတွင် မနှစ်ကထက် လူဦးရေ တက်ရောက်နိုင်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။
မစ္စတာ AjinveatVhongthong (DD) က “ဒီပြပွဲကိုတက်ရောက်ဖို့အတွက် အခု သြဂုတ်လကစပြီးတော့ စက်တင်ဘာလအလယ် အထိ အွန်းလိုင်းကနေ မှတ်တင်ထားမယ်ဆိုရင် ဝင်ကြေးက အခမဲ့ဖြစ်တယ်။ တကယ်လို့ ပြပွဲနေ့မှ လာရောက်ဝယ်ယူမယ် ဆိုရင်တော့ ဟောင်ကောင်ဒေါ်လာ ၁၀၀ ပေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။
အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်သော ဝက်ဆိုဒ်များမှာ www.asiangnp.com ၊ www.asianhnk.com ၊ www.asinantng.com ၊ www.asianchristmas.com ၊ www.asianstationeryshow.com ၊www.asiansnb.com နှင့် www.asianght.comတို့တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး ပြပွဲသို့ လာရောက်လည်ပတ်စဉ် ကုန်ကျစရိတ်သက်သာစေရေးအတွကလည်း ဟောင်ကောင်ဒေါ်လာ ၁၈၀၀ အထိဆွတ်ခူးနိုင်မည့် အထူးအဝယ်တော် စပွန်ဆာ (Speical Buyer Sponsorship) အစီစဉ်ကိုလည်း ကံစမ်းနိုင်မည် ဖြစ်သည်။