အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေခြင်း မရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သူ့အစိုးရ၏ ရည်ရွယ်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ်လ ၂၁ ရက်နေ့တွင် ထပ်မံအတည်ပြုပြောကြားလိုက်ပြီး ပဋိပက္ခ ဒဏ်ခံနေရသော ရခိုင်ပြည်နယ် အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးတို့ကို အလေးအနက်ထား ပြောကြားခဲ့သည်။
စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေးဌာန၏ Yusof Ishak Institute တွင် သြဂုတ်လ ၂၁ ရက်က ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း- စိန်ခေါ်မှုနှင့် ရှေ့လမ်းခရီး ခေါင်းစဉ်ဖြင့် ၄၃ ကြိမ်မြောက် စင်္ကာပူ ပို့ချချက်တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စင်္ကာပူနိုင်ငံသို့ လေးရက်ကြာ သွားရောက်ခဲ့ချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပို့ချချက်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်း အဆင့်ဆင့်ပြောင်းလဲမှု၊ လက်ရှိ ဒီမိုကရေစီ အကူးအပြောင်း လမ်းပြမြေပုံ၊ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အခြေအနေနှင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအပါအဝင် အကြောင်းအရာ များစွာ ကျယ်ပြန့်စွာ ပါဝင်သည်။
“ဖွဲ့စည်းပဲုအခြေခံ ဥပဒေပြင်ဆင်ရေးဟာ ကျမတို့ရဲ့ရည်မှန်းချက်တွေထဲက တခုဖြစ်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်းကာလ ပြီးမြောက်ဖို့ ဆိုတာဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံ ဖြစ်မြောက်ဖို့လည်း ပါဝင်လို့ ဒီအကြောင်းကို ထည့်သွင်းပြောကြားရခြင်းဖြစ်ပါတယ်။ ဒီကိစ္စကို ကျမတို့ မအောင်မြင်သေးပေမယ့် စေ့စပ်ညှိနှိုင်းမှုတွေ၊ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွေကတဆင့် အောင်မြင်အောင်လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပို့ချချက် နိဂုံးချုပ်ချိန်တွင် ပြောကြားခဲ့သည်။
“စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အစိတ်အပိုင်းတွေ ပြပြုင်မှရမယ်လို့ ကျမတို့ ခံယူထားတယ်။ ဒါပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် ကျမတို့ အလိုအပ်ဆုံးအရာဖြစ်တဲ့အတွက် ဒါကို နှလုံးသွင်းပီး အဲဒီ အပြောင်းအလဲတွေကို စေ့စပ်ညှိနှိုင်းမှုတွေကဆင့် ဆောင်ရွက်သွားရမယ်ဆိုတာ (၂၀၁၂-၁၅ လွှတ်တော်ကိုယ်စားလှယ် ဘဝကပင်) ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံ၏ ဆယ်စုနှစ် ခုနှစ်ခုကြာ ပြည်တွင်းစစ်နှင့် အသိုင်းအဝန်းများအကြား ပဋိပက္ခကို သုံးသပ်ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ပြည်သူတွေက ငြိမ်းချမ်းမှု၊ လုံခြုံမှုကို တမ်းတနေတယ်။ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ကျမတို့ကလေးတွေရဲ့အနာဂါတ်မှာ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်မယ့် အခွင်အရေးတွေကို တမ်းတနေတယ်” ဟုပြောသည်။
“ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ခိုင်မာတဲ့အခြေခံဟာ ကျယ်ပြန့် ခြုံငုံနိုင်ဖို့ လိုတယ်။ ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကို ဖြေရှင်းရေးဟာ ငြိမ်းချမ်းရေးတည်ငြိမ်မှု တည်ဆောက်ရေးအတွက် အခြေခံကျတယ်” ဟု ဆက်လက်ပြောကြားပြီး ငြိမ်းချမ်းတည်ငြိမ်မှုသည် မြန်မာနိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အထောက်အကူပြုသော မဏ္ဍိုင်ကြီး သုံးခုအနက် တခုဖြစ်ကြောင်း ရှင်းပြသည်။
ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်းခြင်း၊ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဖွဲ့စည်းခြင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အစိုးရ၏ လုပ်ငန်းအကောင်အထည်ဖေါ်ရေးအဖွဲ့များဖွဲ့စည်းခြင်းတို့အပါအဝင် ရခိုင်ပြဿနာကို ဖြေရှင်းရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သောအစိုးရက ဆောင်ရွက်ခဲ့သည်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲအစည်းများ၏ အခန်းကဏ္ဍကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် သံအမတ်ကြီး ခရစ်စတင်း ဘာဂျနာနှင့် မြန်မာနိုင်ငံတို့ ထိတွေ့ဆက်ဆံခြင်းသည် အပြုသဘောဆောင် အကျိုးရှိမည်ဟု ယုံကြည်ကြောင်းလည်းပြောသည်။
“နေရပ်စွန့်ခွာရသူအားလုံး အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေကို ကျမတို့ လွန်စွာ စာနာပူပန်တယ်” ဟု လည်း ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော်လည်း နေရပ်စွန့်ခွာရသူများကို ရည်ညွန်းရာတွင် မည်သည့်ဘာသာ၊ လူမျိုးကိုမျှ ထည့်သွင်းပြောဆိုခြင်းမပြုဘဲ သတိထားပြောဆိုသည်။
ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး “ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အစိုးရတို့အကြား အနီးကပ် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည်များ နေရပ်ပြန်ရေးဟာ ချောမွေ့ နေပါတယ်” ဟု ပြောသည်။
“ထို့အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာရသူတွေ ဆန္ဒအလျှောက်၊ ဘေးကင်းလုံခြုံ သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အတူ ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟုလည်းပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် လိုအပ်သော စာရွက်စာတမ်းများ ပေးထားသော်လည်း ယမန်နှစ်အတွင်းက ထိုသူများ ပြန်လာနိုင်ရေးအတွက် ဖြည့်စွက်မှုများ ပြုလုပ်ရန် လျှောက်လွှာများအချိန်မှီမရခြင်း၊ လျှောက်လွှာပြည့်စုံမှု မရှိခြင်း အပါအဝင် ဒုက္ခသည်ပြန်လည်လက်ခံရာတွင် အစိုးရ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ပြောခြင်း ဖြစ်ပုံရသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ဝန်ကြီးအဆင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။ “ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ကျမတို့ ဆောင်ရွက်ထားတာတွေကို ကိုယ်တိုင်မြင်ရအောင်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှ အခြားကိစ္စတွေအပြင် ပေးထားတဲ့ကတိကဝတ်တွေကို ဖြည့်ဆည်းဖို့၊ ဒုက္ခသည် ပြန်လည်လက်ခံရေး နှစ်နိုင်ငံသဘောတူညီချက် အကောင်အထည်ဖေါ်တာကို အရှိန်မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့် အရေးပေါ်ဖုန်း လိုင်းထူထောင်ဖို့တို့ကို နှစ်ဖက်သဘောတူညီခဲ့ပါတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်နှင့် ယမန်နှစ်တွင် ကျင်းပ ပြီးစီးခဲ့သော ညီလာခံ နှစ်ခုမှ ချမှတ်ခဲ့သည့် အနာဂတ် ဒီမိုကရေစီ ဖယ်ဒရယ် ဖွဲ့စည်းပုံနှင့်ပတ်သက်သည့် အခြေခံမူ ၅၁ ချက်ပါဝင်သော ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ကို ကိုးကားပြီး ၂၁ ရာစုပင်လုံညီလာခံသည် တိုးတက်မှုရှိကြောင်းပြောသည်။ ထိုနယ်ပယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်မြင်မှုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှစ်ခု တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ထပ်မံလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်းလည်း ပြောသည်။
“ကျမတို့ဟာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး အမြဲသတိရှိနေပါတယ်။ အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုတည်ဆောက်ဖို့ ကြိုးစားတဲ့နေရာမှာ ဇွဲရှိရှိနဲ့ ဒီစိန်ခေါ်မှုတွေကို တွေ့ဆုံဆွေးနွေး စေ့စပ်ညှိနှိုင်း ဖြေရှင်းဖို့ ရည်ရွယ်တယ်” ဟု သူက ဆိုသည်။ မြန်မာနိုင်ငံသည် မတူကွဲပြားသော တိုင်းရင်းသား ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသဖြင့် ကွဲပြားခြားနားမှုကို လေးစားပြီး နိုင်ငံတိုးတက်စေရေးအတွက် တဦးနှင့်တဦး တွေ့ဆုံပြောဆိုခြင်းနှင့် အခြားသူ၏စကားကို နားထောင်ခြင်းတို့ လေ့လာကြရန် ဒေါ်အောင်စုကြည်က တိုက်တွန်းခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံများ နှင့် နိုင်ငံတကာ အသိုက်အဝန်းတခုလုံးအနေဖြင့် မြန်မာပြည်အရေးအား စာနာမှုနားလည်မှုရှိရှိ နားထောင်ရန်နှင့် အစိုးရ၏ နေရာမှမဟုတ်ဘဲ သာမာန်ပြည်သူများ၏ နေရာတွင် ဝင်ရေက်ခံစားနားထောင်ရန် တိုက်တွန်းခဲ့သည်။
“ကျမတို့ပြည်သူတွေ နေရာက ဝင်ပီး သူတို့ နားထောင်သလို သေချာ နားထောင်ပြီး သူတို့ နေရာကနေ ဝင်ကြည့်မယ်ဆိုရင် ကျမတို့ရဲ့ အကူးအပြောင်းကာလ ဘယ်လိုစိန်ခေါ်မှုတွေရှိနေတယ်ဆိုတာကို ပိုပြီး ကောင်းကောင်းနားလည်လာမယ်။ အဲဒီစိန်ခေါ်မှုတွေဟာ ကမ္ဘာကမြင်နေရတဲ့ စိန်ခေါ်မှုတွေတင် မဟုတ်ဘူး။ ပြည်သူတဦးချင်းတိုင်းက သူတို့ ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုတွေဖြစ်တယ်” ဟုလည်း ဆက်လက်ပြောကြားသည်။
စီးပွားရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကတဆင့် မြန်မာနဲ့ စင်္ကာပူတို့ ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်တဲ့အတွက် အနာဂတ်က တောက်ပနေပါတယ်” ဟုပြောသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၈ ဘီလီယံရှိခဲ့ပြီး ထိုအထဲမှ တဝက်ကျော်သည် စင်္ကာပူ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင် ARSA အဖွဲ့က အစိုးရလုံခြုံရေးတပ်များကို တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်မှဖြစ်ရပ်များပြီးလျှင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြင်ပကမ္ဘာက အဓိက စိတ်ဝင်စားသည်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
“ကျမတို့က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေကို အဓိကထားတယ်။ ဒါပေမယ့် ဒါဟာ ကျမတို့ရဲ့ လိုအပ်ချက် နယ်ပယ်ထဲကပဲ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်လို့ ကောင်းတဲ့နိုင်ငံဖြစ်စေချင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေ သက်တောင့်သက်သာနဲ့ လုံလုံခြုံခြုံ ရှိတဲ့ ပတ်ဝန်းကျင်ဖြစ်စေချင်တယ်။ သူတို့ရဲ့ အကျိုးစီးပွားဟာ ကျမတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေနဲ့ သဟဇာတ ပေါင်းစည်းနိုင်တဲ့နေရာဖြစ်စေချင်တယ်” ဟု ဒေါ် အောင်ဆန်းစုကြည် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးချုပ် လီရှန်လွန်း၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၉ ရက်နေ့မှစတင်ပြီး စင်္ကာပူသို့သွားရောက်ခဲ့ပြီး သြဂုတ် ၂၂ ရက်တွင် ပြန်ခဲ့သည်။ သူမသည် သြဂုတ် လ၂၀ ရက်နေ့တွင် ပြည်သူရေးရာမူဝါဒဆိုင်ရာ လီကွန်ယူ သင်တန်းကျောင်းသို့ သွားရောက်ခဲ့သည်။ ယခုအကြိမ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စင်္ကာပူသို့ တတိယမြောက် တရားဝင် ခရီးစဉ်ဖြစ်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စင်္ကာပူသို့ နောက်ဆုံးသွားရောက်ခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် Democratic Transition Requires a Democratic Constitution, Suu Kyi Says တွင် ဖတ်ပါ။)