ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သြဂုတ်လ ၂၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ၄ လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ယနေ့အချိန်ထိ သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးကြောင်း တွေ့ရသည်။
အသတ်ခံရသူများတွင် အသက် ၅ နှစ်အရွယ်ခန့် မိန်းကလေးငယ် တဦးအပါအဝင် ၎င်း၏ မိခင်ဖြစ်သူ အသက် ၄၀ ကျော် အရွယ် အမျိုးသမီးတဦး၊ ဒုအရာခံ ဗိုလ်တဦးနှင့် တပ်ကြပ်ကြီးတဦးတို့ ပါဝင်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီး၏ ကျန်ရစ်သူ အမျိုးသားသည် အရာခံဗိုလ်တဦး ဖြစ်ကြောင်း သိရသည်။
လူသတ်မှု ဖြစ်ပွားသည့်နေရာသည် တောင်ကြီးမြို့ တောင်ဘက်ရှိ ဆေးတက္ကသိုလ် အနောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး တပ်ဧရိယာ (ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဆွယ် (GE) နေအိမ်လိုင်းခန်းဟုသိရ)ဖြစ်၍ လူတိုင်းဝင်ထွက်မရသည့် နေရာဖြစ်ကြောင်း၊ ယင်းနေရာသည် လူသူအရောက်ပေါက် မရှိသည့်နေရာဖြစ်ပြီး နေအိမ်လိုင်းခန်း နှစ်လုံးသာ ရှိကြောင်း တောင်ကြီးမြို့ တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ဧရာဝတီ ကို ပြောပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများနှင့် ဆွေးမျိုးတော်စပ်သူများက အခင်းဖြစ်ညပိုင်းမှ နောက်တရက် နေ့လယ်ပိုင်း ခန့်အထိ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ကြသော်လည်း သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် ယင်း ပို့စ်များအားလုံးကို မတွေ့ရတော့ပေ။
သေဆုံးသူများထဲတွင် မအိအိမိုးနှင့် ၎င်း၏သမီးငယ်၊ ဧည့်သည့်အမျိုးသား နှစ်ဦးတို့ အသတ်ခံရခြင်းဖြစ်ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသတ်ခံရသူ အမျိုးသမီး၏ ယောကျ်ားဖြစ်သူက သမီး အကြီးဖြစ်သူကို ကျူရှင်သွားကြိုနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပို့စ်တခုတွင် ရေးသည်။
ယင်းပို့စ်ပိုင်ရှင်ထံ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ထိ ဆက်သွယ်၍ မရပါ။
သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းတွင် ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့သို့ ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ရာ ၎င်းတို့ထံ မည်သည့်သတင်းမှ တက်မလာသေး၍ ပြောဆိုနိုင်ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ယင်းနေ့တွင် တောင်ကြီး ဒေသခံတချို့နှင့် မီဒီယာသမားများကလည်း တရားဝင်သတင်းရရှိရေး သက်ဆိုင်ရာမြို့မ အမှတ် (၁)ရဲစခန်း၊ ပြည်နယ်/ခရိုင်ရဲတပ်ဖွဲ့ရုံးများကို သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ စခန်းတွင် တရားဝင် အမှုဖွင့်ထားခြင်း၊ သတင်းပို့ထားခြင်း မရှိဟုဆိုကာ ဖြေကြားပေးခြင်း မရှိသကဲ့သို့ ယနေ့အချိန်ထိလည်း တရားဝင်သတင်း ထုတ်ပြန်ခြင်း မရှိ သေးကြောင်း ဦးဝင်းနိုင်စိုးက ပြောပြသည်။
“လူမှုကွန်ရက်မှာသာ ပျံ့နှံ့နေတာ။ ဖြစ်တာကတော့ သေချာတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တာ တရားဝင် သတင်း ထုတ်ပြန်မှု အတည်ပြုချက် လိုချင်တာ။ ဒါပေမယ့် အဲဒါကို ခုချိန်ထိ မရသေးဘူး” ဟု ၎င်းက ဆိုသည်။
အမှုနှင့်ပတ်သက်၍ ယနေ့ (သြဂုတ် ၂၃ ရက်) နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ ပထမတန်း ဒုရဲမှူးကြီးစန်းဝင်းထံ ဧရာဝတီက ထပ်မံဆက်သွယ်မေးမြန်းရာ “အမှုတွဲဖွင့်တာ မရှိသေးဘူး။ ရဲက စုံစမ်းစစ်ဆေးရတာလည်း မရှိသေးပါဘူး။ ဒီနေ့ချိန်ထိပါ” ဟု ဖြေကြားသည်။
ဆက်လက်၍ ၎င်းက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဓာတ်ပုံ အထောက်အထားများနှင့်တကွ တွေ့ရှိရသော်လည်း ရဲ တပ်ဖွဲ့ထံ တရားဝင် တိုင်ကြားမှု မရှိ၍ တရားဝင် ပြောဆိုခွင့် မရှိကြောင်းလည်း ပြောဆိုသည်။
ယင်းအမှုသည် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခြင်း၊ လူထုအကြား စိတ်ဝင်စားမှု မြင့်တက်နေခြင်း၊ ကောလဟလသတင်းများ ထွက်ပေါ်နေခြင်းတို့နှင့်ပတ်သက်၍ ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် မည်သို့ဆောင်ရွက်ရန်ရှိကြောင်း ထပ်မံမေးမြန်းရာ “ကျနော် တို့အနေနဲ့ သူတို့ တပ်ဧရိယာအတွင်းဖြစ်တဲ့အတွက် ဘာမှ ဝင်ရောက်စွက်ဖက် ထုတ်ပြန်ဖို့လည်း မရှိပါဘူး” ဟု ဒုရဲမှူးကြီး စန်းဝင်းက ပြောသည်။
၄ လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန်မှု ယခုအချိန်အထိ မရှိသေးသော် လည်း အသတ်ခံရသူ ၄ ဦးစလုံး၏ ဈာပနကို သြဂုတ် ၂၂ ရက် နေ့လယ် ၂ နာရီခန့်မှစတင်ကာ တပ်အစီအစဉ်ဖြင့် ပြုလုပ် ခဲ့ကြောင်း ဦးဝင်းနိုင်စိုးက ပြောပြသည်။
အပြင်လူများကို ဝင်ခွင့်မပေး၍ အဝေးကသာ ကြည့်ခွင့်ရခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ယနေ့အချိန်အထိ အမှုနှင့်ပတ်သက်၍ မြို့ခံလူထုအကြား စိုးရိမ်မှုများ မြင့်တက်နေသကဲ့သို့ လူမှုကွန်ရက် သုံးစွဲသူများ အကြားတွင်လည်း စိတ်ဝင်တစားဖြစ်ကာ အမျိုးမျိုးသော ထင်မြင်ချက်များ ထွက်ပေါ်လျက်ရှိသည်။
လူသတ်မှု ကျူးလွန်သူသည် ၎င်းကိုယ်တိုင်လည်း သတ်သေသွားသည်ဆိုသော သတင်းများ၊ ဓာတ်ပုံများလည်း လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။
“တပ်ကြပ်ကြီးက သတ်ပြီး သူ့ကိုယ်သူ သတ်သေတယ်ဆိုတဲ့ သတင်းက ကျနော်တို့ကတော့ လက်မခံဘူး။ ဘာဖြစ်လို့လဲ ဆို ဘယ်သူမှလည်း သွားလို့ရတဲ့နေရာ မဟုတ်ဘဲ ဒီသတင်း ဘာကြောင့် ထွက်လာလဲပေါ့။ ကျနော်တို့က အဲဒါကို ကျေကျေလည်လည် ဖြစ်စေချင်ပါတယ်” ဟု ဦးဝင်းနိုင်စိုးက ပြောသည်။
တောင်ကြီးဒေသခံလည်းဖြစ် တရားဥပဒေစိုးမိုးရေးကွန်ရက်၏ ဦးဆောင်သူလည်းဖြစ်သည့် ၎င်းအနေဖြင့် တောင်ကြီးမြို့ ပြည်သူလူထု၏ စိုးရိမ်မှုမြင့်တက်နေမှုအတွက် တရားဝင် သတင်းထုတ်ပြန်ပေးစေချင်ကြောင်း၊ သတင်းထုတ်ပြန်မှုမရှိသည့် အတွက် ကောလဟလများ ပျံ့နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးဝင်းနိုင်စိုးက “ကျနော်တို့ ခဏစောင့်ကြည့်ဖို့ တိုင်ပင်ထားတယ်။ တပ်တွင်းမှာဖြစ်တဲ့ကိစ္စကြောင့် သူတို့မှာလည်း စစ်ဆေး ရမယ့် အပိုင်းလေးတွေ ရှိမယ်လို့ ထင်တယ်။ ကျနော်တို့ကြားတဲ့ မနေ့က GE တပ်ထဲက ပြောတာတော့ အကုန်လုံးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူထားတယ်။ ဒီလိုသတင်းတွေလည်းကြားတော့ ခဏလေး စောင့်ကြည့်လိုက်မလားလို့” ဟု ဆိုသည်။
အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်မတော်မှသော်လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှသော်လည်းကောင်း ယနေ့အ အချိန်ထိ တစုံတရာ ထုတ်ပြန်ပြောဆိုသေးခြင်း မရှိသေးပါ။