သတင်း

ဦးကိုနီအမှု လွဲချော်နေဟု ဇေယျာဖြိုး ပြော

Want create site? Find Free WordPress Themes and plugins.

ဦးကိုနီ လုပ်ကြံခံရမှုတွင် အင်းစိန်အောင်စိုး၏ ထွက်ဆိုချက်နှင့် ပြည်ထဲရေး သတင်းစာ ရှင်းလင်းပွဲအပေါ် မူတည် ကာ တည်ဆောက်ထားပြီး အမှုသည် လွဲချော်နေကြောင်း သြဂုတ် ၂၃ ရက်နေ့ ရုံးချိန်းအပြီးတွင် ဇေယျာဖြိုးက ပြောဆို လိုက် သည်။

ဇေယျာဖြိုးသည် အမှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ပြစ်မှု ကျူးလွန်သူကို အားပေးကူညီမှု ပုဒ်မ ၃၀၂(၁) (ခ)/၁၀၉ ဖြင့် စွဲချက်တင် တရားရင်ဆိုင်နေရသူ ဖြစ်ပြီး ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးတွင် ရုံးထုတ်သည့် ယနေ့ တရားခွင်တွင် ၎င်းအား တရားလိုဘက်မှ ရှေ့နေ ဦးနေလ က ပြန်လှန် စစ်မေးခဲ့ခြင်း ဖြစ်သည်။

ဇေယျာဖြိုးက“ဒီအမှုကြီးတခုလုံးမှာ အရေးကြီးဆုံးက ဖုန်းမှတ်တမ်းပဲ၊ အဲ့ဒါက ဆက်သွယ်ရေးက တရားဝင် ပေးထား တာ လုံးဝမဟုတ်ပါဘူး။ ဆက်သွယ်ရေးကလည်း အဲ့ဒီလို ပေးလို့လည်း မရဘူး၊ အဲ့ဒီမှာ ဘာတံဆိပ်တုံးမှလည်း မပါ ဘူး၊ ဘာ အမှတ်အသားမှလည်း မပါတဲ့အပြင် အလွယ်တကူ ကွန်ပျူတာနဲ့ ထုတ်လို့ရတဲ့ဟာ။ ဖုန်းနံပါတ်တွေကလည်း တအား လာထပ်နေတယ်၊ တော်တော်ကို ဒီအမှုကြီးက လွဲချော်နေတာပါဗျာ၊ ဖုန်းမှတ်တမ်းတွေက အတုကြီးဗျ”ဟု မီဒီယာများအား ပြောသည်။

ဇေယျာဖြိုးသည် အင်းစိန်အောင်စိုး၏ ထွက်ဆိုချက်မှာ သက်သေ အထောက်အထားမရှိဘဲ လျှောက်ပြောနေခြင်းသာ ဖြစ်ကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီးနှင့် ရဲချုပ်တို့ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲမှာလည်း အချက်အလက်များ မှားယွင်းကြောင်း ရုံးထုတ်ချိန်များတွင် မကြာခဏ ပြောဆိုခဲ့သည်။

ယနေ့တရားခွင် အတွင်း စစ်မေးရာတွင်လည်း ဇေယျာဖြိုးနှင့် တရားခံပြေး အောင်ဝင်းခိုင်တို့ကြား ဆက်စပ်ပတ်သက်မှု များအား ဖုန်းမှတ်တမ်းများ၊ တရားလိုပြသက်သေ ထွက်ချက်များဖြင့် ထောက်ကာ အဓိကထား မေးမြန်းခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ဆက်လက် စစ်ဆေးမည် ဖြစ်သည်။

တရားလိုရှေ့နေက ဇေယျာဖြိုးအနေဖြင့် အောင်ဝင်းခိုင် ကိုင်ဆောင်သည့် ဖုန်းသို့ လုပ်ကြံမှုမတိုင်ခင် တရက် အလို အထိ အပြန်အလှန် ခေါ်ဆိုမှုများအား ဖုန်းမှတ်တမ်းပြကာ မေးမြန်းခဲ့ပြီးသော်လည်း ဇေယျာဖြိုးက ၎င်းခေါ်ဆို ခဲ့သည့် ဖုန်းမှာ အောင်ဝင်းခိုင်ဖုန်း ဟုတ်မဟုတ်ကို မမှတ်မိကြောင်းနှင့် အခြားဖုန်းများကိုလည်း ခေါ်ဆိုခဲ့ကြောင်း ထွက်ဆို သည်။

အောင်ဝင်းခိုင် ကိုင်ဆောင်သည့် ဖုန်းသည် စာချုပ်များနှင့်အတူ အောင်ဝင်းခိုင်၏ ဇနီးဖြစ်သူက ရှာဖွေပုံစံဖြင့် ပေးအပ် ခဲ့ခြင်းဖြစ်သည့် အပြင် ဖမ်းဆီးခံထားရသူ အောင်ဝင်းဇော် ကလည်း ထိုဖုန်းနံပါတ်သည် အစ်ကိုဖြစ်သူ အောင်ဝင်းခိုင် ၏ ဖုန်းနံပါတ်ဖြစ်ကြောင်း တရားခွင်အတွင်း ထွက်ဆိုထားသည်ကိုလည်း တရားလိုရှေ့နေ ဦးနေလ က ထောက်ပြ မေးမြန်း သည်။

မေးခွန်းများနှင့် ပတ်သက်ပြီး သက်သေခံ တင်သွင်းထားသည့် ဖုန်းမှတ်တမ်းနှစ်ခုအား ဇေယျာဖြိုးက တရားခွင်အတွင်း တိုက်ဆိုင် ကြည့်ရှုခဲ့ပြီး မှတ်တမ်းနှစ်ခုမှာ ကွဲလွဲမှုများ ရှိနေကြောင်း ပြန်လည် တင်ပြခဲ့သည်။

တရားလိုဘက်က ရှေ့နေ တဦးဖြစ်သူ ဦးရောဘတ်ဆန်းအောင်က “တယ်လီဖုန်း မှတ်တမ်းတွေကို သူက သေသေ ချာချာ မလေ့လာလို့ပါ၊ သက်ဆိုင်ရာ တပ်ဖွဲ့က တရားဝင် တောင်းဆိုပြီးတော့ ပေးထားတာ၊ အဲ့ဒီလို မဟုတ်ပါဘူးဆိုရင် သူတို့ ဘက် က သက်ဆိုင်ရာမှာ သွားပြီး ခြေဖျက်လို့ရပါတယ်၊ သူတို့ မခြေဖျက်နိုင်ခဲ့ပါဘူး၊ CID (မှုခင်းတပ်ဖွဲ့) က ဥပဒေ နဲ့ အညီ ယူထားတာပါ”ဟု ပြောသည်။

တရားလိုပြသက်သေ တဦးဖြစ်သည့် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ၏ ထွက်ဆို ထားချက်အရ ၎င်းဟောင်ကောင်မြို့သို့ သွားရောက်စဉ် ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့က လေဆိပ်သို့ လာရောက် ကြိုဆို ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍လည်း တရားလိုရှေ့နေက ဇေယျာဖြိုးအား မေးမြန်းသည်။

ယင်းမေးခွန်အပေါ် ဇောယျာဖြိုးက ၎င်းအနေဖြင့် မြန်မာကောင်စစ်ဝန်ချုပ်က လိုက်ခဲ့ရန်ခေါ်သည့်အတွက် လေဆိပ်သို့ လိုက်သွားခဲ့ခြင်းဖြစ်ပြီး အခြားသူများလည်း ပါဝင်ကြောင်း ယနေ့ တရားခွင် ပြန်လှန် ဖြေကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ ပစ်ခတ် လုပ်ကြံမှု ကို ခံခဲ့ရခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading