အိမ်ရှင်၏ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့သည်ဟု ယူဆရသည့် အိမ်အကူ မကရင်မသည် အဆိုပါနေအိမ်တွင် လုပ်ကိုင်ခဲ့စဉ်က ဆွဲကြိုးခိုးယူထွက်ပြေးခဲ့ဖူးသည်ဟု မိမိနှင့် ဖုန်းပြောချိန်တွင် ပြောဆိုခဲ့ကြောင်း မကရင်မကို သံသယတရားခံ ဒေါ်သိင်္ဂီစုအိမ်သို့ ပို့ဆောင်ပေးခဲ့သူဖြစ်သည့် တရားလိုပြသက်သေ ဦးစိန်သန်းက ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ ထွက်ဆိုခဲ့သည်။
ဆွဲကြိုးခိုးယူထွက်ပြေးခဲ့စဉ် ကတည်းက မကရင်မကို ရွာသို့ပြန်ပို့မည် ပြောသော်လည်း မကရင်မက ပြန်မပို့ရန် တောင်းပန်ခဲ့ကြောင်း ယခုအခါ ကျန်းမာရေးမကောင်းသဖြင့် လာရောက်ခေါ်ယူရန်ကို ဒေါ်သိင်္ဂီစုက ဦးစိန်သန်းကို ဖုန်းဆက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထိုသို့ ဒေါ်သိင်္ဂီစု ဖုန်းဆက်ရင်း မကရင်မနှင့် တိုက်ရိုက်ပြောဆိုရာတွင်လည်း ဆွဲကြိုးခိုးယူထွက်ပြေးသည်မှာ မှန်ကြောင်း ယခု ကျန်းမာရေး မကောင်း၍ ရွာတွင်ဆေးပြန်ကုလိုသဖြင့် အဆင်ပြေသည့်နေ့ လာခေါ်ပေးရန် ပြောခဲ့ကြောင်း ဦးစိန်သန်းကဆိုသည်။
တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က “အဲဒီလိုပြောပါတယ်ဆိုတာ သူတို့ နှစ်ယောက်တည်း တယ်လီဖုန်းနဲ့ ပြောပါတယ်ဆိုရုံနဲ့တော့ မခိုင်လုံသေးဘူး။ ဒီထက်ခိုင်ခိုင်လုံလုံ ပြနိုင်မယ့် သက်သေတော့ လိုအပ်တာပေါ့” ဟုဆိုသည်။
အိမ်အကူမကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၂၃ ရက်နေ့တွင် သံလျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးမေးမြန်းရာတွင် တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် ဦးစိန်သန်း က အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ယနေ့ထွက်ဆိုချက်တွင် တရားလိုပြသက်သေ ဦးစိန်သန်း က ၎င်း၏တူမဖြစ်သူနှင့် သံသယတရားခံ ဒေါ်သိင်္ဂီစုသည် သူငယ်ချင်းဖြစ်ကြပြီး ဒေါ်သိင်္ဂီစုနေအိမ်တွင် အိမ်အကူတစ်ယောက် လိုအပ်ကြောင်း တူမဖြစ်သူမှ အကူအညီတောင်းရာတွင် မကရင်မနှင့် ချိတ်ဆက်မိကာ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆက်လက်ပြီး ဒေါ်စန်းစန်းမြင့်က “တရားလိုဘက်ကမေးတော့ မကရင်မကို လမ်းမလျှောက်နိုင်လို့ ခေါင်းကတယောက် ခြေထောက်ကတယောက် မ ပြီးတော့ သူ့အိမ်ပေါ် တင်ပေးရပါတယ်လို့ ထွက်တယ်။ နောက်မကရင်မက ကောင်းကောင်းမွန်မွန် ကားပေါ်မှာ ပါလာပါတယ်လို့ ထွက်တယ်။ နောက်ထက်ပြီး တရားခံဘက်က မေးတဲ့အခါ မကရင်မကို ဦးစိန်သန်း ဇနီးကတောင်မှ နေကောင်းလား ဆင်းပါဦးလို့ ပြောတဲ့အခါ နေကောင်းပါတယ် ဒါပေမယ့် အောက်ကိုမဆင်းတော့ပါဘူးဆိုပြီးပြောတော့ သူ့ထွက်ချက်တွေ ကွဲလွဲနေတာ ဥပဒေကိုနားလည်တဲ့သူတွေက မြင်ပါတယ်”ဟု ဆိုသည်။
မကရင်မသည် ရွာသို့ပြန်မလာမီ ၃ ရက်အလိုတွင် ဒေါ်သိင်္ဂီစု နေအိမ်အပေါ်ထပ်လှေကားမှ လေအေးပေးစက်ပိုက်လျှက် အောက်ကို ပြုတ်ကျခဲ့ဖူးကြောင်း မကရင်မနေအိမ်သို့ လိုက်ပို့သည့်အချိန်အတွင်း မကရင်မက ကားပေါ်၌ ပြောခဲ့ပါသလားဟု ဒေါ်သိင်္ဂီစု ရှေ့နေက မေးမြန်းရာတွင် ပြောခဲ့ကြောင်းကို ဦးစိန်သန်းက ထပ်မံ ထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် ရုံးချိန်းများတွင်လည်း ဒေါ်သိင်္ဂီစု ရှေ့နေက မကရင်မဝမ်းဗိုက်မှ ဒဏ်ရာသည် ဒေါ်သိင်္ဂီစု နေအိမ်အပေါ်ထပ် လှေကားမှ လေအေးပေးစက်ပိုက်လျှက် အောက်ကို ပြုတ်ကျခဲ့၍ ရရှိခဲ့သည်ဒဏ်ရာဖြစ်သည်ဆိုတာကို သိပါသလားဟု တရားလို ဦးအေးသောင်းကို မေးမြန်းခဲ့ဖူးသည်။
မကရင်မသည် အူအတွင်း ပေါက်ပြဲဒဏ်ရာကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးခဲ့သည့် တွံတေးမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင် က ဧရာဝတီသို့ အတည်ပြုပြောကြား ထားသည်။
အူပေါက်သည့် နေရာအနီးအပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်ပြင်ပတွင်လည်း တုံးသောပစ္စည်း တခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများတွေ့ရှိရကြောင်းလည်း ဒေါက်တာ နေဝင်းသွင်က ဆိုသည်။
အိမ်အကူ မကရင်မ အမှု၌ တရားခံ ဟု ယူဆရသူ တပ်မတော် အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်ပြီး ယင်းအမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထာကာ တရားလို အပါအဝင် တရားလိုပြ သက်သေ ၁၂ ဦး စစ်ဆေးခဲ့ပြီး ဖြစ်သည်။