သတင်း

အာဏာရှင် အသုံးအနှုန်း တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

အမျိုးသား လွှတ်တော် အစည်းအဝေး၌ မြေယာ အဆိုတခုကို ယနေ့ ဆွေးနွေးစဉ် အာဏာရှင် ဆိုသည့် စကားရပ်ကို သုံးနှုန်း သွားသဖြင့် ပယ်ဖျက်ပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး အောင်ထွန်းလင်းက ကန့်ကွက် သည်။

မြန်မာနိုင်ငံတွင် လယ်ယာ၊ ဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစားမှုများ ရှိနေခြင်းကြောင့် စိုက်ပျိုး မြေ များ လျော့နည်းလာခြင်း အတွက် ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအစဉ်ကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်းရန် တိုက်တွန်းကြောင်း အဆိုတွင် အာဏာရှင် စနစ်ဟူသည့် စကားရပ်ကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က သုံးနှုန်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒု ဗိုလ်မှူးကြီး အောင်ထွန်းလင်းက“အာဏာရှင် ဆိုတာက အာဏာကို ကြာရှည် သုံးစွဲ ဆုပ်ကိုင်ထားတယ် ဆိုတဲ့ စကား လုံး။ ဒါတွေက ဆိုင်ရာ ထင်မြင် ယူဆချက်တွေပဲ ဖြစ်ပါတယ်။ ကျနော် ကန့်ကွက်ရတဲ့ အကြောင်းအရင်းကတော့ ဒီအဆိုနဲ့ မလျော်ညီတဲ့ အကြောင်း အချက်တွေ၊ နောက်အခါ အသုံးအနှုန်းတွေ ဒါတွေကို သုံးစွဲလို့ ကန့်ကွက်တာ ဖြစ်ပါတယ်”ဟု ပြော သည်။

၎င်းက ဆက်လက်၍“မြေယာတွေနဲ့ ပတ်သက်ပြီး စည်းကမ်းမဲ့ ဆောင်ရွက်နေတယ် ဆိုတာ ပြောဆိုသွားတာ ရှိပါတယ်။ ဒါကြောင့် ဒီစကားလုံးလေးကိုတော့ ပြန်လည် ပြင်ဆင်ပေးဖို့ တင်ပြအပ်ပါတယ်”ဟု ဆွေးနွေးသွားသည်။

မြို့ပေါ်၊ ကျေးရွာများတွင် မြေယာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသည့် ပြဿနာများမှာ အစိုးရဌာနများတွင် လုပ်ပိုင်ခွင့် ပိုရနေကြောင်း၊ လက်ရှိ အုပ်ချုပ်ရေး စနစ်သည် ဒီမိုကရေစီတွင် အသားမကျသေးသည့် အတွက် ယခင်က စိတ်ဓာတ်၊ အမူအကျင့်များ ကျန်နေသေးကြောင်း ဦးခင်မောင်လတ် က ဆိုသည်။

၎င်းက“ကျနော်တို့ နိုင်ငံဟာ အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ကို ပြောင်းနေတဲ့ အသွင်ကူးပြောင်းစ အခြေအနေထဲ မှာ ရှိပါတယ်။ အဲဒါကြောင့် အစိုးရမှာ လုပ်ပိုင်ခွင့် အာဏာတွေ ကြွင်းကျန်ခဲ့ပြီးတော့ အခုချိန်မှာ ပိုလျှံနေတယ်လို့ ယူဆရ ပါ တယ်”ဟု ယနေ့ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

မင်္ဂလာဒုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြည်သူ့ အခွန်ဘဏ္ဍာနှင့် ကျင်းပနေသည့် လွှတ်တော်၌ မူဝါဒပိုင်းဆိုင်ရာတွင် ပြည်သူများအတွက် အကျိုးဖြစ်စေမည့် ကိစ္စများကိုသာ အလေးပေး ဆောင်ရွက်စေလို ကြောင်း၊ မည်သူ မှန်သည်၊ မှားသည် ဟု ပြောဆိုကာ အငြင်းပွားနေပါက ယင်းစကားလုံးပေါ်၌ ထပ်မံ အငြင်းပွားမှုများ ဖြစ်နိုင်ကြောင်း၊ အဆိုပါ စကားလုံး များအား မှတ်တမ်းတွင် ထားခြင်း၊ မထားခြင်းသည် ပြည်သူများ အတွက် ထူးခြားသည့် အချက်မဟုတ်ကြောင်း၊ ယခုထက်ပိုပြီး အကျိုး ရှိမည့် ကိစ္စရပ်များကို ဆောင်ရွက် စေလိုကြောင်း ပြောဆိုသည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကန့်ကွက်ချက်နှင့် ပတ်သက်၍ ပြန်လည် စိစစ်သွားမည် ဖြစ်ပြီး အဆိုနှင့် မသက်ဆိုင်ပါက ပယ်ဖျက်ပေးမည်ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ယခုကဲ့သို့ အာဏာရှင် ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၂ ရက် ကလည်း အမျိုးသား လွှတ် တော် အစည်းအဝေး၌ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှု နောက်ကျခြင်းသည် အာဏာရှင် စနစ်ဆိုးများ ဒဏ်ကြောင့် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အမှတ် ၈ ကိုယ်စားလှယ် ဒေါ်အိအိပြုံး၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍လည်း တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်ချုပ် သန်းစိုးက ကန့်ကွက်ခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading