ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ ငဝန်မြစ်ကိုဖြတ်၍ မြစ်ကူးတံတားထိုးရန်အတွက် ပုသိမ်မြို့ ဘက်ခြမ်းတွင် မြေအောက်အနက် ပေ ၁၀၀ အထိ တူး၍ မြေလွှာစမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုဘတ်ဂျတ်မှ ချထားပေးမည့်ငွေကျပ်သိန်း ၄ သောင်းကျော် အသုံးပြု၍ တည်ဆောက်မည့် ပုသိမ်မြို့ ငဝန်မြစ်ကူးတံတားအသစ် တည်ဆောက်ပြီးပါက ပုသိမ်မြို့တဖက်ကမ်းရှိ ရပ်ကွက်နယ်မြေ ၂ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၃၀ ကျော်မှ ဒေသခံများမှာ ငဝန်မြစ်ကို လွယ်ကူစွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ခံနိုင်ဝန်လျော့ကျနေသည့် ပုသိမ်ကြိုးတံတားကိုလည်း အသုံးပြုမှု လျော့ချနိုင်မည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောသည်။
“ပုသိမ်မြစ်ကူးတံတားကို ပုသိမ်မြို့နဲ့ နီးစေချင်ပါတယ်။ တချို့ကလည်း မြို့ထဲကနေ တံတားထိုးရင် ယာဉ်ကြောပိတ်ဆို့တာတွေဖြစ်မှာ စိုးရိမ်ကြတာလည်း ကြားရတယ်။ ကျနော်တို့ သိထားတာတော့ တံတားစီမံကိန်းထဲမှာ ယာဉ်ကြောကြပ်တည်းမှု မရှိအောင်လုပ်ဆောင်မယ့်စီမံချက်တွေလည်း ပါပြီးသားပါ။ တံတားကမြို့နဲ့နီးမှာသာ ပြည်သူရော စီးပွားရေးသမားတွေကိုပါ အကျိုးပြုတဲ့တံတားဖြစ်မယ်။ မြို့နဲ့ ဝေးခဲ့ရင်တော့ စီးပွားရေးသမားတွေကိုပဲ အကျိုးပြုတဲ့တံတားဖြစ်သွားလိမ့်မယ်”ဟု သူက ပြောသည်။
ပုသိမ်မြို့၊ မေတ္တာဦးဆိပ်ခံတံတားထိပ်မှ ပုသိမ်စာတိုက်ရှေ့အထိ မဟာဗန္ဓုလလမ်းမပေါ်တွင် တံတား တည်ဆောက်ရေး အထူးအဖွဲ့ ၁၆ မှ သြဂုတ်လ ၁၆ ရက်နေ့ကစတင်ကာ မြေဆီလွှာစမ်းသပ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပုသိမ်မြို့ဘက်ခြမ်းပြီးစီးပါက အမှတ် ၉ နယ်မြေ စိန်ကုန်းကူးတို့ဆိပ်ဘက်ခြမ်းကို ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
“တံတားဆောက်ဖို့အတွက် ဖောင်ဒေးရှင်းလုပ်မယ်ဆိုရင် မြေသားအနက်ဘယ်လောက်အထိ အုတ်မြစ် ချမလဲဆိုတာကိုသိဖို့ စမ်းသပ်တာပါ။ တံတားဆောက်ဖို့ ဆာဗေး (အကြိုစစ်တမ်း) လုပ်တာပေါ့။ မြေအောက် အနက် ပေ ၁၀၀ နဲ့ ပေ ၁၁၀ လောက်အထိတူးပြီး မြေစမ်းသပ်တယ်။ မြေအမျိုးအစားတွေကို ဓာတ်ခွဲခန်းကို ပို့ပြီး ဘယ်မြေသားအလွှာကို ဖောင်ဒေးရှင်းယူမလဲဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူလူကြီးတွေ ဆုံးဖြတ် ကြမှာပါ”ဟု တံတားအထူးအဖွဲ့ ၁၆ မှ တာဝန်ရှိ အင်ဂျင်နီယာတဦးက ဧရာဝတီကို ပြောသည်။
ပုသိမ်မြစ်ကူးတံတားထိုးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေမြင်တင်ရပ်ကွက်၊ ပုသိမ်ကြိုးတံတား၏ ညာဘက်ခြမ်း၊ ပုသိမ်ကြိုးတံတား၏ ဘယ်ဘက်ခြမ်း၊ မေတ္တာဦးတံတားထိပ်နှင့် ကျောက်ငူရပ်ကွက် စသည့် နေရာများတွင် မြေနေရာ ၅ ခု ရွေးချယ်လျာထားခဲ့ကြောင်း သိရသည်။ အဆိုပါ နေရာ ၅ ခုအနက် အမှတ် ၄ မြေနေရာဖြစ်သည့် မေတ္တာဦးတံတားထိပ်တွင် မြေလွှာစမ်းသပ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် တံတားတည်ဆောက်ရေးအထူးအဖွဲ့ ၁၆ မှ ပုသိမ်မြို့ မေတ္တာဦးတံတားထိပ်၊ ပန်းခြံလမ်းထိပ်၊ ယဉ်ကျေးမှုပြတိုက်ရှေ့နှင့် ပုသိမ်စာတိုက်ရှေ့များတွင် ပွိုင့်များသတ်မှတ်၍ မြေလွှာစမ်းသပ်ခြင်းများ ပြုလုပ်နေပြီး ပုသိမ်မြို့ဘက်ခြမ်းပြီးစီးပါက အမှတ် ၉ နယ်မြေ စိန်ကုန်းကူးတို့ဆိပ်ဘက်ခြမ်းတွင် ပွိုင့် ၂ ပွိုင့် သတ်မှတ်၍ မြေလွှာစမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ရပ်ကွက်နယ်မြေ ၁၅ ခု ရှိသည့်အနက် အမှတ် ၉ နှင့် အမှတ် ၁၀ နယ်မြေများမှာ ပုသိမ်မြို့တဖက်ကမ်းတွင် တည်ရှိပြီး ပုသိမ်မြစ်ကူးတံတားမရှိသည့်အတွက် အဆိုပါ နယ်မြေ ၂ ခုအပါအဝင် ပုသိမ်တဖက်ကမ်းရှိ ကျေးရွာများမှာ ပုသိမ်မြို့သို့လာရောက်ရန်အတွက် ပုသိမ်မြစ်ကို ကူးတို့ဖြင့် နေ့စဉ်ဖြတ်ကူး၍ သွားလာနေရသည်။
လက်ရှိတွင် ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း၊ ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံမြို့များ အပါအဝင် အနောက်ဘက်ကမ်းခြေဒေသများသို့ အဓိကဆက်သွယ်ပေးထားသည့် ပုသိမ်ကြိုးတံတားမှာ ခံနိုင်ဝန် လျော့ကျလာသည့်အတွက် တန် ၂၀ နှင့် တန် ၂၀ အောက်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။