ကာကွယ်ရေးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ ရုရှားနိုင်ငံ မော်စကို ခရီးစဉ်အတွင်း ဆူခွိုင်း အမျိုးအစား Su-30SM တိုက်လေယာဉ်ကို ကိုယ်တိုင် မောင်းနှင်ခဲ့တယ်လို့ ရုရှားတပ်စ် သတင်းကဆိုပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ မော်စကိုမြို့ အနောက်ဘက်က ကူဘင်ကာ လေယာဉ်ကွင်းမှာ သြဂုတ်လ ၁၇ ရက်က တွဲဖက်လေယာဉ်မှူးအဖြစ် ပျံသန်းမောင်းနှင်ခဲ့ခြင်းဖြစ်ပြီး၊ မောင်းနှင်နေစဉ်မှာ လေကြောင်း စွမ်းရည်သရုပ်ပြမှု မျိုးစုံကို လည်း လေ့ကျင့်ပြသခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
“ရုရှားလေယာဉ်မှူးက ဗိုလ်ချုပ်ကြီးရဲ့ကျွမ်းကျင်မှုကို အမှတ်အများကြီး ပေးခဲ့ပါတယ်။ နည်းမှန်လမ်း မှန်နဲ့ မောင်းနှင်ပျံသန်း နိုင်တာကို အင်မတန်မှ သဘောကျပါတယ်” ဟု ၎င်းသတင်းရင်းမြစ်ကို ကိုးကားပြီး တပ်စ်သတင်းမှာ ရေးသားထားပါ တယ်။
ဒါ့အပြင် “ဗိုလ်ချုပ်ကြီးဟာ စိတ်ချယုံကြည်မှုရှိစွာနဲ့ အဆင်ပြေပြေ မောင်းနှင်ပျံသန်းနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ကောင်းကင်မှာ လေယာဉ်ပျံသန်းမှု အကြိမ်ကြိမ်တွေ့ကြုံခဲ့ရာ အခုတကြိမ် ပျံသန်းမှု မှာသူ့ရဲ့ စိတ်ကျေနပ်ကြည်နူးမှုကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
တပ်မတော်(လေ)အတွက် ဆူခွိုင်း Su-30SM တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြင်ဆင်နေရာမှာ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကိုယ်တိုင်စမ်းသပ်မောင်းနှင်ကြည့်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မော်ကျော်ဟာ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ သားဖြစ်ပါတယ်။
သူဟာ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ ရုရှားနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီး အထူးသဖြင့် သြဂုတ်လ ၁၇ ရက်မှာ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂေါ့ဟာ ဇန်နဝါရီလ ၂၀ ရက် နှင့် ၂၁ ရက်တို့က မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးစဉ်မှာ Su-30 အမျိုးအစားတိုက်လေယာဉ် ရောင်းချရန် သဘောတူညီမှု ရခဲ့ကြောင်း ဖိုမင်းက ပြောကြားတယ်လို့ တပ်စ်သတင်းကဆိုပါတယ်။
အခုအခါ ရုရှားနိုင်ငံ မော်စကိုမြို့ ကူဘင်ကာမှာ စစ်လက်နက်ပစ္စည်းများ ပြသတဲ့ နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018)ကို ပြသနေသလို နိုင်ငံတကာအမျိုးသား လုံခြုံရေးဖိုရမ် (Week of National Security)လည်း ရှိပါတယ်၊ အဲဒီအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်း အပါအဝင် တပ်မတော်အရာရှိကြီးများနဲ့ သွားရောက်နေပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို လေတပ်ဦးစီးချုပ်အဖြစ် ပြောင်းလဲခန့်အပ်