နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံများ၏ ကျွန်းတံခါးများ၊ ကျွန်းဘောင်များကို ပေါ်လစ်တင် ဆေးသုတ်ရာ၌ ကုန်ကျသည့် အသုံးစရိတ်နှင့် ပတ်သက်ပြီး စုံစမ်းရေးကော်မတီတရပ်ဖွဲ့၍ စစ်ဆေးခဲ့ရာ ပုံမှန်ထက် ၃ ဆပိုမိုကုန်ကျနေကြောင်း စစ်ဆေးတွေ့ရှိရ ပြီးနောက် သက်ဆိုင်သူ အစိုးရ ဆောက်လုပ်ရေး အရာရှိတချို့ အရေးယူခံရကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်အဆောက် အအုံများ အရောင်တင် စရိတ် (ပေါ်လစ်တင်ခြင်း) ကျပ်သိန်းပေါင်း ၅၈၀၀ ကုန်ကျခဲ့ကြောင်း စာရင်းတင်ပြမှုကို စုံစမ်းစစ်ဆေးခဲ့ရာ အမှန်တကယ်တွင် ၄ ပုံတပုံသာ ကုန်ကျသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာဆောက် လုပ်ရေးဝန်ကြီးဌာနကို လွှတ်တော်က စိစစ်ပေးရန် အကြောင်းကြားခဲ့ရသည်။
စုံစမ်းရေးကော်မတီကို ဦးဆောင် စိစစ်ခဲ့သူ ဒေါ်ယဉ်မင်းလှိုင် က “လွှတ်တော်က ဝန်ကြီးဌာနကို အရေးယူဖို့ လွှဲလိုက်တယ်။ အမဆိုလိုတာက ပြီးသွားပြီလေ။ အခုမေးလိုက်တယ်၊ ဘယ်လိုအရေးယူလဲဆိုတာ။ ဝန်ထမ်းကိုလည်း Force to retire လုပ်တယ်။ သက်ဆိုင်ရာကုမ္ပဏီကိုလည်း ကွာဟနေတဲ့ အခုငွေ ပမာဏကို ပြန်သွင်းခိုင်းတယ်။ အငြိမ်းစားပေးခံရတာက ဒုညွှန်ချုပ်အဆင့်။ ကျန်တဲ့သူတွေကတော့ Demotion (ရာထူးအလျော့ခံရ) လို့ ကြားတယ်” ဟု ယနေ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီဝင်လည်း ဖြစ်သူဒေါ်ယဉ်မင်းလှိုင်သည် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိလာသူ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းထံမှ သတင်းစကားကို မီဒီယာများသို့ ပြန်လည် ပြောပြခဲ့ ခြင်းဖြစ်ပြီး ဦးကျော်လင်းကမူ ယင်းကိစ္စကို မီဒီယာများသို့ ဖြေကြားရန် ငြင်းဆိုခဲ့သည်။
လွှတ်တော်နှင့် သမ္မတ အိမ်တော်၏ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စီမံခန့်ခွဲသည်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ် ဦးစီးဌာန လက်အောက်မှ အရာရှိများ ဖြစ်ပြီး ယင်းဌာနကို ယခင်က ဒုညွှန်ချုပ်တဦး၊ ညွှန်ကြားရေးမှူးတဦး တို့က ဦးဆောင်နေကြောင်း၊ ယခုအရေးယူခံရသည့် ကိစ္စကိုမူ ၎င်းအနေဖြင့် မသိရှိသေးဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဇော်က ပြောသည်။
လွှတ်တော် စုံစမ်းရေးကော်မတီ၏ တွေ့ရှိချက်များတွင် သုတ်ဆေးများသည် အရည်အသွေးမမီ၍ တချို့နေရာများတွင် ဆေးများလောင်၍ ပျက်စီးနေခြင်း၊ စရိတ်၏ ၄ ပုံ ၁ ပုံသာ ကုန်ကျခြင်း တို့ကြောင့် လွှတ်တော် တာဝန်ရှိသူများကို သက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို အရေးယူပေးရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၈၊ ဧပြီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီ အစည်းအဝေးတွင် လွှတ်တော်တွင် ဆေးသုတ်စရတ် အလွန်များနေသည့် ကိစ္စကို ယင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးအေးသာအောင်က မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကိစ္စကို ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်က ဧရာဝတီ သတင်းဌာနသို့ စတင် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်အဆောက်အအုံဆေးသုတ်စရိတ် များလွန်း၍ စုံစမ်းရေး ကော်မတီဖွဲ့ စစ်ဆေးနေ
ယခုလိုတာဝန်ရှိသူများကို အရေးယူနိုင်ခဲ့ခြင်းသည် အကောင်းဆုံး နမူနာဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီကို လွှတ်တော် ကိုယ်စားလှယ်များထပ်မံ ထည့်၍ ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ယခုအခါ ကော်မတီတွင် ကိုယ်စားလှယ် ၄ ဦးသာ ပါဝင်သေးကြောင်း ယင်းပူးပေါင်းကော်မတီဝင် ဦးအောင်သိုက်က ပြောသည်။
ဦးအောင်သိုက် က “ကျနော်တို့ကလည်း တကယ်လုပ်စေချင်တာ။ အခုလိုအကြီးကြီးတွေကို အရေးယူရတာလွယ်တာမှ မဟုတ်တာ။ အကောင်ကြီးတွေကိုပဲ အရေးယူစေချင်တာ။ အောက်ကနယ်ရုပ်ကလေးတွေကိုတော့ မလုပ်ချင်ဘူး။ ဒါနမူနာပဲ” ဟု ပြောသည်။
လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီဥက္ကဋ္ဌ တာဝန်ကို ယခုအခါ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောင်းလဲတာဝန်ယူထားပြီး အဖွဲ့ဝင်များမှာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အင်ဂျင်နီယာဘွဲ့ရသည့် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်ကြောင်းသိရသည်။
NLD အစိုးရအာဏာရပြီး ၂၀၁၆ ခုနှစ်လွှတ်တော်စဖွင့်ချိန်တွင် လွှတ်တော်များ၏ လေအေးပေးစက်များ ဖွင့်ခြင်း၏ တနေ့တာ မီတာခ ကုန်ကျစရိတ်မှာ သိန်း ၆၀၀ ကုန်ကျနေ၍ ယင်းစရိတ်သည် အညာဒေသတွင် အခြေခံပညာ ကျောင်းကောင်းကောင်း တခုဆောက်လုပ်နိုင်၍ ယင်းစရိတ်လျော့ချနိုင်ရန် အဆိုပါကော်မတီက ကြိုးစားခဲ့သေးသည်။
ယခုလိုအသုံးစရိတ်များ တင်ပြခြင်းကို ယခင်လွှတ်တော်သက်တမ်းကပင် တင်ပြခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က လွှတ်တော်ပူးပေါင်းကော်မတီတွင် ကိုယ်စားလှယ်များ ပါဝင်ခွင့်မရခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ အင်ဂျင်နီယာဘွဲ့ရ ကိုယ်စားလှယ် ၄ ဦး ပါဝင်ခွင့်ရလာခြင်း ဖြစ်ကြောင်းသိရသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြည်သူ့လွှတ်တော် အနေဖြင့် အသုံးစရိတ် ကျပ် ၉၄၁၄.၆၆၉ သန်းတောင်းခံထားပြီး သာမန်အသုံးစရိတ် ကျပ် ၉၂၃၂.၂၃၂ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၈၂.၄၃၇ သန်း သုံးစွဲခွင့်ရရှိရန် ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – လွှတ်တော် ဆေးသုတ် စရိတ် ပုံမှန်ထက် ၃ ဆ ပိုကုန်ကြောင်း စစ်ဆေး တွေ့ရှိ