ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ ကချင်ရိုးရာ မနောကွင်းအတွင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပခုံးပေါ် တင်ထားသည့် ဟန်ဖြင့် အောင်လအန်ဆန် ပုံတူ ကြေးရုပ်တုကို ထားရှိသွားမည်ဟု သတင်းရရှိသည်။
ကချင်လူမျိုး၊ အမေရိကန် နိုင်ငံသား အောင်လအန်ဆန်၏ ပုံတူ ကြေးရုပ်ကို မနောကွင်း အတွင်း ထားရှိရန် ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီက အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုပ်တုထားရှိရေးအတွက် ကော်မတီကို လည်း သြဂုတ်လ၂၂ ရက်က ဖွဲ့စည်းထားပြီ ဖြစ်သည်ဟု ရုပ်တုဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေလွန်းက ပြော သည်။
ဦးဇေလွန်းက “အားကစားမှာ နောင်အနာဂတ်လူငယ်တွေ အတုယူစရာဖြစ်အောင် ထူးချွန်တဲ့သူ ဖြစ်အောင် ကျနော်တို့ လုပ်တာပါ။ အရင်တုန်းက ကျနော်တို့မှာ ကမ္ဘာ့ချန်ပီယံဆိုတာ မရှိခဲ့ဘူးလေ။အခု သူက One Championship မှာ ခါးပတ် က ၂ ခုတောင် ပိုင်တာ။ ဒါကြောင့် ကျနော်တို့ ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟို ကော်မတီက အားလုံးသဘောတူ ဆောင်ရွက် ခဲ့တာပါ”ဟု ပြောဆိုသည်။
အောင်လအန်ဆန် ရုပ်တုထားမည့် မနောကွင်းသည် ကချင် ပြည်သူလူထုပိုင် ရိုးရာကွင်း ဖြစ်သဖြင့် အစိုးရ အာဏာပိုင်များ ထံ ခွင့်ပြချက် တောင်းစရာ မလိုကြောင်း၊ မနောကွင်းကို ထိန်းသိမ်း စောင့်ရှောက်နေသည့် ကချင်ရိုးရာ ယဉ်ကျေးမှု ဗဟိုကော် မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အောင်လအန်ဆန်၏ မွေးရပ်ဇာတိမှာ မြစ်ကြီးနားမြို့ ဖြစ် သဖြင့် မြစ်ကြီးနားမြို့ မနောကွင်း၌ ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးဇေလွန်းက“ခန့်မှန်းငွေက သိန်း ၁၀၀ ကျော်မယ်။ ဘယ်သူ ဘယ်လောက် ထည့်ပါဆိုတာ မရှိဘူး။ စေတ နာရှိသလောက် ထည့်ဝင်ကြတာကို ဆောင်ရွက်မယ်။ ပုံကတော့ အောင်လရဲ့ ဘယ်ညာ ပခုံးနှစ်ဘက်မှာ ခါးပတ် နှစ်ခု တင်ထားတဲ့ မတ်တပ်ရပ်နေတဲ့ သူ့ပုံတူ အနေအထားပေါ့။ ရုပ်တု အမြင့်က ၆ ပေနဲ့ ၉ ပေ ကြားရှိပါမယ်။ အောက်မှာ တော့ ၄ ပေလောက် ကွန်ကရစ်ခုံ ပါမယ်”ဟု ပြောဆိုသည်။
ကြေးရုပ် ထုလုပ်ရန် ၂ လ အချိန် ယူသွားမည်ဖြစ်ပြီး ကြေးရုပ်ဖွင့်ပွဲ ပြုလုပ်ပါက အောင်လအန်ဆန်ကို ဖိတ်သွားမည်ဟု လည်း ဆိုသည်။
မနောကွင်း အတွင်း အောင်လအန်ဆန် ရုပ်တု ထားရှိမည်ဟူသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ကချင် အသိုင်းအဝိုင်းတချို့က ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း စာရွက်စာတမ်း အထောက်အထားများဖြင့် ကန့်ကွက်သူများ မရှိသေးကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ဒေသခံများ က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို မြို့လယ် ပန်းခြံတွင် စိုက်ထူကြရာ ကချင်လူမျိုး ဒေသခံများနှင့် ကချင်နိုင်ငံရေး ပါတီ များက မိမိတို့၏ အမျိုးသား လက္ခဏာများနှင့် ကချင်လူမျိုး ခေါင်းဆောင်များ၏ ရုပ်တုများကို မထားရှိသေးသည့် အပြင် ပင်လုံ ကတိကဝတ်များလည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးသည့် အချိန်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား မစိုက်ထူရန် ကန့်ကွက်မှုများ ရှိခဲ့သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို သင်္ဘောဆေး အစိမ်းရောင်ဖြင့် ပက်ပြီး ဖျက်ဆီးခြင်း ခံခဲ့ရ သည်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) မှ တွဲဖက် အတွင်းရေးမှူး ဦးတူးရော်က “အရင်တုန်းက မိတုန်နော် (အိုလံပစ် မာရသွန် ကစားသမား) ဆိုရင်လည်း ကချင်တွေအတွက် သာမက မြန်မာနိုင်ငံ အတွက် ထင်ရှားကျော်ကြားတဲ့ အားကစား သမား အဖြစ် ရှိခဲ့ဖူးတယ်။ အခုတော့ အောင်လအင်ဆန် ရုပ်တု ထုမယ်ဆို ရှေ့နောက် သုံးသပ်ဖို့ လိုတယ်လို့ ပြည်သူ လူ ထု ပြောတာ ရှိတယ်။ သူပဲ နာမည်ကျော်တာ မဟုတ်ဘူး။ ရှေ့က ကစားသမားအတွက်လည်း ဂုဏ်ပြုသင့်တယ်ပေါ့နော်” ဟု ပြောသည်။
ဦးတူးရော်က အောင်လအန်ဆန်သည် ကချင်လူမျိုးများ အတွက်သာမက မြန်မာနိုင်ငံသားအားလုံး အတွက်လည်း ဂုဏ်ယူ စရာ အားကစားသမား ဖြစ်သဖြင့် ယခုကဲ့သို့ ရုပ်တု ထုခြင်းသည် စည်းလုံးညီညွတ်ရေး ရှုထောင့်မှ ကြည့်လျှင် ကောင်းမွန် သည့် လက္ခဏာ ဖြစ်သည်ဟုလည်း ဆိုသည်။
အောင်လအန်ဆန်သည်၂၀၁၅ ခုနှစ်မှစ၍ MMA (Mixed Martial Art- လက်နက်မဲ့ တိုက်ခိုက်နည်း ကစားကွက်ပေါင်းစုံ ပေါင်းစပ် ထိုးသတ်သည့် ကစားနည်း) လောကအတွင်း ဝင်ရောက်လာကာ ကစားသမား သက်တမ်း တလျှောက် ၃၃ ပွဲထိုး သတ်ထားပြီး ၂၃ ပွဲ နိုင်ကာ ၁၀ ပွဲ ရှုံးထားသည်။
၂၀၁၇ ခုနှစ် ဇွန်လက Light of A Nation ပြိုင်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဘစ်တာလိ ဘစ်ဒက်ရှ် ကို အနိုင်ရကာ မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံးသော မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။
အောင်လအန်ဆန်သည်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ၌ Quest For Gold ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်ထက် တဆင့် မြင့်သည့် လိုက် ဟဲဗီးဝိတ် ကစားသမား မာချာဒိုနှင့် ထိုးသတ်ရာ အနိုင်ရရှိပြီး One Championship ၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာသည်။
ပြိုင်ပွဲများတွင် အနိုင်ရရှိပြီး မြန်မာနိုင်ငံဂုဏ်ကို ဆောင်သည်ဟု ဆိုကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောင်လ အန်ဆန်ကို ဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များ ၂ ကြိမ် ချီးမြှင့်ထားသည်။
လာမည့် အောက်တိုဘာလ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ ကစားကွင်းတွင် “ONE; PURSUIT OF GREATNESS” ပြိုင်ပွဲ တခု ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ဝင်ရောက် ယှဉ်ပြိုင် ထိုးသတ်သွား ဦး မည် ဖြစ်သည်။