သြစတြေးလျအစိုးရဟာ တရုတ်အခြေစိုက် Huawei နဲ့ ZTE ကုမ္ပဏီနှစ်ခုကို ရှေ့နှစ်ထဲ လွှင့်တင်ဖို့ ရည်မှန်းထားတဲ့ 5G ကွန်ရက်သစ်အတွက် Network ပစ္စည်း ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။
Huawei ဘက်က သြစတြေးလျနိုင်ငံ လုံခြုံရေးအတွက် အန္တရာယ် တစုံတရာ မဖြစ်စေရကြောင်း အာမခံထားပေမယ့် သြစတြေးလျအစိုးရဟာ Huawei ကော ZTE ကိုပါ နိုင်ငံတွင်း 5G နည်းပညာ ဖြန့်ဖြူးရောင်းချခွင့် ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ Huawei ဘက်က အတည်ပြုထားပါတယ်။
လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် အစိုးရအေဂျင်စီအားလုံးအနေနဲ့ Huawei နဲ့ ZTE ကုမ္ပဏီတို့ရဲ့ နည်းပညာတွေကို အသုံးမပြုဖို့ အမေရိကန်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ အပြီးမှာ သြစတြေးလျအစိုးရကလည်း အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
Huawei Australia ကတော့ သြစတြေးလျအစိုးရရဲ့ ယခုလုပ်ရပ်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခုဖြစ်ပြီး၊ နိုင်ငံတွင်းက အသုံးပြုသူတွေအတွက်ပဲ နစ်နာမှုတွေ ဖြစ်လာလိမ့်မယ်လို့ ဝေဖန်ထားပါတယ်။ Huawei ဟာ သြစတြေးလျနိုင်ငံမှာ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာတွေကို ဝန်ဆောင်မှုပေးခဲ့တာ အခုဆို ၁၅ နှစ်တိုင် ရှိနေခဲ့ပါပြီ။
သြစတြေးလျအစိုးရရဲ့ ယခုလုပ်ရပ်အပေါ် တရုတ်အစိုးရဘက်ကလည်း မကျေမချမ်း ဖြစ်နေပြီး၊ သြစတြေးလျအစိုးရဟာ တရုတ်ကုမ္ပဏီလုပ်ငန်းတွေကို တမင် အဟန့်အတား ဖြစ်အောင် ဆင်ခြေ ဆင်လက်တွေ ပေးနေတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
“သြစတြေးလျ အစိုးရအနေနဲ့ နိုင်ငံရေး ခံယူချက် မတူညီမှုကြောင့် မလိုမုန်းထားမှုတွေကို စွန့်ပယ်ပြီး၊ တရုတ် ကုမ္ပဏီတွေ အနေနဲ့ သြစတြေးလျမှာ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အစိုးရဘက်က ဆောင်ရွက်ပေးစေလိုပါတယ်” လို့ တရုတ် အစိုးရရဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
တရုတ်ဥပဒေအရ အစိုးရရဲ့ ထောက်လှမ်းရေးအစီအစဉ်တွေမှာ ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ ပြည်သူ ပြည်သားတွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကြောင့် အမေရိကန်နဲ့ သြစတြေးလျတို့ဟာ တရုတ်ကုမ္ပဏီတွေကို လုံခြုံရေးစိုးရိမ်မှုတွေနဲ့ ပိတ်ပင်တားဆီးမှုတွေ လုပ်နေတာဖြစ်ပါတယ်။
Ref: GSM Arena, Tech Crunch