ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အထိ ကြားကာလ ဘတ်ဂျက် ၆ လ အတွင်း ကျပ် ၇ ဘီလီယံခန့် ရငွေ ပိုမိုရရှိလာခဲ့ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။
Park Royal Hotel သြဂုတ်လ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ရသုံးခန့်မှန်းခြေ ငွေစာရင်း အချက်အလက်များဆိုင်ရာ ထုတ်ပြန်ချက် မိတ်ဆက် ပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဘတ်ဂျက်နှစ် သတ်မှတ်ချက် အပြောင်းအလဲ ပြုလုပ်သည့် နှစ်ဖြစ်သဖြင့် ဝင်ငွေ ပိုမိုရရှိသော်လည်း သုံးစွဲခွင့်မရှိဘဲ ပြည် ထောင်စု၏ ရငွေအဖြစ်သာ ပြန်လည် အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ တိုင်းဒေသကြီးက ဒီ ၆ လမှာ ၇ ဘီလီယံလောက် ရငွေ ပိုပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဘတ်ဂျက်ဟာ ယူသုံးလို့ မရနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ၆ လ ဘတ်ဂျက် ဖြစ်နေတဲ့အတွက် နောက် ထပ် ဖြည့်စွက်ဘတ်ဂျက်က မပါဘူး ဖြစ်နေတဲ့အတွက် ဒီ ၇ ဘီလီယံကျော်က ပြန်အပ်ရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက် အထိ ပုံမှန် သတ်မှတ်ခဲ့ရာမှ ယခု ၂၀၁၈ ခုနှစ်မှ စပြီး အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
အဆိုပါ ကြားကာလ ဘတ်ဂျက် ၆ လတာ အတွင်း ရရှိသည့် ငွေမှာ အခွန်မှ အများဆုံး ရရှိခြင်း ဖြစ်ကာ ယင်းအခွန်ငွေ များ ထဲမှ ပစ္စည်းခွန်နှင့် ဘီးခွန် အတွက် ရရှိငွေများမှာလည်း နှစ်စဉ် တိုးတက်လာနေကြောင်း ရသုံးမှန်းခြေငွေစာရင်း ဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းရီက ပြောသည်။
“အခွန် ရရှိတာက ဘီးခွန်နဲ့ ပစ္စည်းခွန်ပါ၊ ၆ လ အတွင်းမှာ ၇ ဘီလီယံဟာ စည်ပင်သာယာရေး ကော်မတီကရတဲ့ ရငွေ ဖြစ်ပါတယ်”ဟု ၎င်းက ပြောပြသည်။
ယင်း ၆ လ ကာလအတွင်း အခွန်အကောက်ရငွေ ၁၆ ဘီလီယံကျော်၊ အခွန်ဝေစု ရငွေ ၆၃ ဘီလီယံကျော် အပါအဝင် ရငွေ စုစုပေါင်း ၁၉၁ ဘီလီယံ ကျော် အထိ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရသုံးခန့်မှန်းခြေ ငွေစာရင်း အချက် အလက်များ ဆိုင်ရာ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရငွေ စုစုပေါင်း ကျပ် ၃၈၂ ဘီလီယံနှင့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၁၆.၉ ဘီလီယံ ရငွေ ရရှိခဲ့ကြောင်းလည်း ယင်း ထုတ်ပြန်ချက် စာစောင်တွင် ပါရှိသည်။
အဆိုပါ ရသုံးခန့်မှန်းခြေ ငွေစာရင်း အချက်အလက်များ ဆိုင်ရာ အစီအရင်ခံစာ ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ Renaissance Institute နှင့် The Asia Foundation တို့က ပူးပေါင်း ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။