အမေရိကန်နိုင်ငံတွင် နေထိုင်ပြီး ပြစ်မှုကျူးလွန်ထားသည့် မြန်မာနိုင်ငံသား ၄၇ ဦးကို ပြည်နှင်ဒဏ် ပေးရန် မြန်မာအစိုးရထံ စာရင်းပေးထားကြောင်း အမေရိကန်အခြေစိုက် မြန်မာ-အမေရိကန် လူမှုရေး အဖွဲ့ အစည်း(Burmese American Community Institute- BACI)ဥက္ကဋ္ဌ Dr.Ro Dinga က ဧရာဝတီသို့ ပြော သည်။
အမေရိကန်အစိုးရက ယင်းနိုင်ငံတွင် ပြစ်မှု ကျူးလွန်ထားသော မြန်မာနိုင်ငံသား ၄၇ ဦးကို ပြန်ပို့ရန် အမေရိကန်နိုင်ငံ၊ Washington DC ရှိ မြန်မာသံရုံးသို့ လွန်ခဲ့သည့် ၂ လခန့်က စာရင်း ပေးပို့ထားကြောင်း၊ ပထမဆုံးအနေဖြင့် သြဂုတ် ၂၂ ရက်က ၂၇ ဦးကို ပြည်နှင်ဒဏ်ပေးထားပြီးဖြစ်ကြောင်း BACI က ဆိုသည်။
BACI မှ ဥက္ကဌ Dr.Ro Dinga က “ဒီနှစ် ဖေဖော်ဝါရီလက မြန်မာသံရုံးက ဦးအောင်လင်းတို့၊ ဦးဆွေဆက်တို့နဲ့ တွေ့တော့ မြန်မာနိုင်ငံသား တချို့ကို အမေရိကားကနေ ပြန်ပို့ဖို့ လုပ်နေတယ်လို့ ပြောပြပါတယ်။ နောက်ပိုင်း ကြားရတာက မြန်မာအစိုးရဖက်က ပြန်ပို့မယ့်သူတွေကို လက်ခံဖို့ နှောင်းနှေးတယ်ဆိုပြီး အမေရိကန်အစိုးရက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လ.ဝ. က ညွန်ကြားရေးမှူးချုပ်နဲ့အထက်
အဆိုပါ ပြည်နှင်ဒဏ်ပေးမည့် ၄၇ ဦးအနက် ၂၂ ဦးကို အမေရိကန်အစိုးရက ၎င်းတို့ပိုင် လေယာဉ်ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြပြီး ချင်းလူမျိုး ၇ ဦး၊ ဗမာလူမျိုး ၆ ဦး၊ ကျန်လူများမှာ ကရင်လူမျိုးများ ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ၂၀ ဦးကိုလည်း ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး အချိန်အတိအကျ ကိုမူ မသိရှိသေးပါ။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က “အဲဒါက ကျနော်လည်း သတင်းမရဘူးဗျ။ အခုက သတင်းထဲမှာ ပြောတာက သူတို့က အကြမ်းဖက်မှုတွေ ကျူးလွန်နေလို့ ပြန်ပို့တယ်ဆိုပြီး သိရတယ်။ ကျနော် က အဲဒီလူတွေနဲ့လည်း မတွေ့ဆုံဖြစ်တော့ သူတို့ရဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဘာကြောင့် ပြန်ပို့ရတယ်ဆိုတာကြတော့ ဝေးနေတယ်”ဟု ပြောသည်။
အမေရိကန်အစိုးရမှ ပြည်နှင်ဒဏ်ပေးမည့် အခြေအနေနှင့် သြဂုတ် ၂၂ ရက်က ပြည်နှင်ဒဏ်ပေးခံလိုက်ရသော ၂၇ ဦး ရန်ကုန်သို့ ရောက်ရှိလာသည့် အခြေအနေများနှင့်ပတ်သက်ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင် ပြောဆိုခြင်းမရှိပါ။
အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးလိုက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ၂၇ ဦးသည် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်သူများ ပါဝင်သလို ပတ်စ်ပို့အတု လုပ်သူများ၊ လဝက ဥပဒေ ချိုးဖောက် သူများ၊ ဗီဇာသက်တမ်း ကျော်လွန် နေထိုင်သူများ ဖြစ်ကြောင်း၊နောက်ထပ် ပြည်နှင်ဒဏ်ပေးခံရမည့် သူများ မှာလည်း အလားတူ ပြစ်မှုများကို ကျူးလွန်ထားကြသူများ ဖြစ်ကြောင်း မြန်မာ-အမေရိကန် လူမှုရေး အဖွဲ့ အစည်း (BACI)က ပြောသည်။
BACI ဥက္ကဋ္ဌ Dr.Ro Dinga က “စိတ်မကောင်းပါဘူးဗျာ။ အခု အစိုးရက တော်တော် တင်းကြပ် လာတယ်၊ အခု ၂၇ ယောက်ကို ပြန်ပို့လိုက်ပြီး အဲဒီထဲက တချို့က လဝက ဥပဒေ ချိုးဖောက်လို့ ၊ တချို့ကလည်း မိန်းမနဲ့ သား သမီးကို ရိုက်လို့၊ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်တဲ့ပြစ်မှုကြောင့် နှင်ခံရတာ။ ကျန်တဲ့ လူတွေကလည်း ပြစ်မှု ကျူးလွန်ထားတဲ့ သူတွေပါဘဲ”ဟု ပြောသည်။
အမေရိကန်အစိုးရသည် ယခုလို မြန်မာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်းက U.S Immigration and Customs Enforcement (ICE) ၏ မူဝါဒကို ထရမ့်အစိုးရက အသုံးချလိုက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံသား အယောက် ၅၀၀ ခန့်ကိုလည်း မူလနိုင်ငံသို့ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။