သတင်း

အစိုးရ ဘတ်ဂျက် လူထုဗဟိုပြုရေးဆွဲမည်ဟု ဝန်ကြီးချုပ် ဖြိုးမင်းသိန်း ပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရဘက်ဂျက်ရေးဆွဲရာတွင် ပြည်သူလူထုကို ဗဟိုပြုရေးဆွဲနိုင်ရန်နှင့် ပြည်သူလူထု ပါဝင်ခွင့် ပိုမိုရရှိလာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဦးဖြိုးမင်းသိန်းက “အဆက်ဆက်ကျင့်သုံးခဲ့တာက ဌာနဆိုင်ရာတွေကပဲ ဘက်ဂျက်ကိုရေးဆွဲတာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာကို အခြေပြုပြီး ရေးဆွဲခဲ့ရာကနေ ပြည်သူကို ဗဟိုပြုပြီး ရေးဆွဲနိုင်ဖို့နဲ့ အားလုံးဘက်ဂျက်ရေးဆွဲခွင့်မှ ပါဝင်ခွင့်ရနိုင်ဖို့ အတွက် ပြင်ဆင်လာတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ကြားကာလ ဘဏ္ဍာရေးနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ပြည်သူ့အတွက် ရသုံးမှန်းခြေငွေစာရင်း (Citizen’s Budget) ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာသည့် အခမ်းအနားတွင် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဖြိုးမင်းသိန်းက“ဒီမိုကရေစီ စနစ်ကို ကူးပြောင်းမယ်ဆိုရင် ပြည်သူလူထု ဘက်ဂျက်ရေးဆွဲခွင့် ပါဝင်ခွင့်ရသင့်ပါတယ်။ ပြည်သူလူထုကြားမှာ ကိုယ်အခွန် ပေးဆောင်ထားတဲ့ အခြေအနေတွေ နိုင်ငံတော်က ရှာဖွေလို့ရတဲ့ ငွေကြေးတွေကို ဘယ်လိုသုံးစွဲနေသလဲဆိုတာ လူထုက သိရှိနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီကနေ ပိုမိုကျယ်ပြန်တဲ့ ပြည်သူအခြေပြုဘတ်ဂျက်ဆီကို သွားနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ Renaissance Institute နှင့် The Asia Foundation တို့မှ ပူးပေါင်းထုတ်ဝေခြင်း ဖြစ်ပြီးဘက်ဂျက်ရေးဆွဲရာတွင် ပြည်သူလူထုကို ဗဟိုပြုပြီးရေးဆွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး အဆိုပါ ဘဏ္ဍာငွေ သုံးစွဲမှု အခြေအနေကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရသုံးမှန်းခြေငွေစာရင်း ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ၊ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)၊ ရငွေ ၊သုံးငွေနှင့် လိုငွေအခြေအနေ ၊ အကောက်အခွန်ရငွေ၊အခွန်ဝေစု၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ပညာရေး အသုံးစရိတ် ၊ကျန်းမာရေးအသုံးစရိတ် ၊ လမ်းလုပ်ငန်း ၊ မီးလင်းရေးနှင့် ရေရရှိရေးတို့၏ အသုံးစရိတ်များကို ဖော်ပြထားသည်။

အစိုးရအနေဖြင့် နိုင်ငံတော်အသုံးစရိတ်များ သုံးစွဲပုံ၊ မူဝါဒချမှတ်ပုံများ၊ သတင်းအချက်အလက်များကို ပြည်သူလူထုသိရှိနိုင်လောက်သည့် အခြေအနေမျိုး ဖန်တီးပေးခြင်းဖြင့် အစိုးရ၏ မူဝါဒချမှတ်ခြင်း၊ ဘက်ဂျက်ရေးဆွဲခြင်းတို့တွင် ပြည်သူလူထု၏ ပါဝင်ခွင့်မြင့်တက်လာမည်ဖြစ်ကြောင်း Renaissance Institute မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“အစိုးရဘက်ဂျက်ကို ပိုမိုသိရှိနားလည်လာရင် ပြည်သူနဲ့ အစိုးရကြား ယုံကြည်မှုတွေ နားလည်မှုတွေ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ပြည်သူရော အစိုးရအတွက်ပါ အကျိုးရှိပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

၂၀၁၈ ခုနှစ် ကြားကာလ ဘက်ဂျက် ၆ လ ကာလအတွင်း အခွန်အကောက်ရငွေ ၁၆ ဘီလီယံကျော်၊ အခွန်ဝေစု ရငွေ ၆၃ ဘီလီယံကျော် အပါအဝင် ရငွေ စုစုပေါင်း ၁၉၁ ဘီလီယံ ကျော် အထိ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရသုံးခန့်မှန်းခြေ ငွေစာရင်း အချက် အလက်များ ဆိုင်ရာ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရငွေ စုစုပေါင်း ကျပ် ၃၈၂ ဘီလီယံနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၁၆.၉ ဘီလီယံကျပ် ရငွေ ရရှိခဲ့ကြောင်းလည်း ယင်း ထုတ်ပြန်ချက် စာစောင်တွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading