သတင်း

ဘူးသီးတောင်တွင်ကျပ် သိန်း ၄ သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၄၃၀၀၀ တန်ဖိုးရှိသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၂ ၇၅၀ ပြား ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနှစ်အချိန်ခန့်က ဘူးသီး တောင်မြို့အဝင် စစ်ဆေးဂိတ်တွင် ကားများကိုရပ်တန့် ရှာဖွေ စစ်ဆေးရာ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တော ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။

ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက “ ဘူးသီးတောင်မြို့အဝင် စစ်ဆေးရေး ဂိတ်မှာ မူးယစ်ဆေးဝါး သတင်းရလို့ ကားတွေကို တားပြီး စစ်ဆေးတာပေါ့ ။ အဲဒီလို စစ်ဆေးတဲ့အခါ BOXY အမျိုးအစားရဲ့ နောက်ခန်းထဲမှာ ထည့်ပြီး ပီနံအိတ်ကြီး ၇ အိတ် ၊ အိတ်သေး ၁ အိတ် ထဲကနေ မြင်းချီးရောင် စက္ကူနဲ့ ထုပ်ထားတဲ့ WY စိတ်ကြွဆေးပြား တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းတွေနဲ့အတူ ဖမ်းမိတဲ့ လူ ၂ ဦးကိုတော့ ကျနော်တို့ ဥပဒေနဲ့အညီပဲ အမှုဖွင့် အရေးယူထားပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ စံချိန်တင် WY စိတ်ကြွဆေးပြား အမြောက်အများကို ဖမ်းဆီးရမိခြင်းမှာ သတင်းရ၍ ဖမ်းဆီးရမိခြင်း ဖြစ်ပြီး မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ဘူသီးတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မူးယစ်တာဝန်ခံတို့ ပူးပေါင်းကာ မြို့ဝင် စစ်ဆေးရေးဂိတ်၌ ကားများကို စစ်ဆေး ရှာဖွယ်စဉ် ယင်းမြို့ ဓညဝတီလမ်းအတိုင်း စစ်ဆေးရေးဂိတ်ဘက်သို့ မောင်းနှင်လာသော အဖြူရောင် BOXY အမျိုးအစား ကားအား ရပ်တန့် တားပြီး ရှာဖွယ်စဉ် ယာဉ်နောက်ခန်းတွင် စိတ်ကြွဆေးပြား များထည့် ထားသော ပီနံ အိတ်ကြီး ၇ အိတ်၊ အိတ်သေး ၁ အိတ် တို့ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြင်းချီးရောင် စက္ကူဖြင့် ထုပ်ထားသည့် အထုတ် ၁၄၉ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်း အထုပ် ၁၄၉ အား ဖွင့်ဖောက်ရှာဖွေခဲ့ရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၂၇၅၀ ပြားတွေရှိခဲ့ပြီး ဆေးပြား ၁ ပြားလျှင် ၃၀၀ ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ကျပ် ၄၃၅ ၈၂၅ ၀၀၀၀ ကို စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်း ကြောင်း မောင် တောခရိုင်ရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နေ လျှစ်စစ် တပ်ဆင်ရေး လုပ်ငန်း ကိုင်သူ ကိုအောင်မျိုးလွင်နှင့် ကို ကျော်စိုးဦး ( ခ ) ခင်မောင်ဝင်းတို့ကို ဘူသီး တောင်မြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါး ဥပဒေဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက် ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၆ ရက်နေ့အထိ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရမိသည့် အမှုပေါင်း ၁၂၄ မှု ရှိခဲ့ရာတွင် ကျား ၁၆၁ ၊ မ ၂၇ ၊ စုစုပေါင်း တရားခံ ၁၈၈ အမှုဖွင့် အရေးယူခဲ့ပြီး WY နှင့်ဆေး ခြောက် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၈၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး ယင်းသို့ဖမ်းဆီးရမိသည့် အမှုများတွင် စစ်တွေ ၊ မောင်တော ၊ ဘူသီးတောင်မြို့နယ်များတွင် အများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

Loading