သတင်း

ဧရာဝတီတိုင်း ဝါးခယ်မ လွှတ်တော် ကိုယ်စားလှယ် နုတ်ထွက်စာတင်

ဧရာဝတီ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော် အပေါ် အယုံအကြည်မရှိဟု ဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဝါးခယ်မ မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက နုတ်ထွက်စာ တင်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က “ဒေါ်မြင့်မြင့်စန်း နုတ်ထွက်စာ တင်ထားတာ ဟုတ်ပါတယ်။ သူကိုယ်တိုင် တင်တာတော့ မဟုတ်ဘူး။ လူကြုံနဲ့ ပေးလိုက်တာ။ အဲဒီတော့ စာကလည်း ကိုယ်တိုင် လာတင်တာ မဟုတ်၊ တဖက်မှာလည်း လွှတ်တော် ကိုယ်စားလှယ် လုပ်ငန်း တာဝန်တွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရတော့ သူတင်ပြတဲ့ စာအပေါ်မှာ ဘယ်လို ဆက်လုပ်မလဲ မဆုံးဖြတ်သေးဘူး”ဟု ဧရာဝတီကို ပြောသည်။

ဒေါ်မြင့်မြင့်စန်း၏ နုတ်ထွက်စာတွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော်၏ လုပ်ကိုင် ဆောင်ရွက်မှုများ အပေါ် အယုံအကြည် မရှိသဖြင့် ယခုလို နုတ်ထွက်ခြင်း ဖြစ်သည်ဟု စာ၌ ထည့်သွင်း ရေးသားထား ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဒေါ်မြင့်မြင့်စန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အစမှ အဆုံးထိ တက်ရောက်ခြင်း မရှိဘဲ ခွင့်တိုင်ကြား ကာ ပျက်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီထံက သိရသည်။

ဒေါ်မြင့်မြင့်စန်း၏ နုတ်ထွက်စာ တင်ပြသည့် ကိစ္စအပေါ် စက်တင်ဘာလ လွှတ်တော် ပုံမှန် အစည်းအဝေး ပြန်လည် စတင် ချိန်တွင် သူ့ကို မေးမြန်းသွားမည် ဟု ဦးအောင်ကျော်ခိုင် က ဆိုသည်။

“ဒေါ်မြင့်မြင့်စန်းက လွှတ်တော် အစည်းအဝေးတွေမှာ တက်တက်ကြွကြွနဲ့ မေးမြန်းဆွေးနွေးတဲ့ ထက်မြက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တဦးပါ။ ဒီစာနဲ့ပတ်သက်ပြီး လွှတ်တော်ခေါ်ချိန် သူလာခဲ့ရင် သူ့ကို လူချင်းတွေ့ပြီးတော့ သူ့သဘောထား ကို သေချာ မေးမြန်းသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်စာ တင်ပြထားသည့် ကိစ္စနှင့် ပတ်သက်၍ ဝါးခယ်မမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

လွှတ်တော် ကိုယ်စားလှယ်တဦးသည် တာဝန် ဆက်လက် ထမ်းဆောင်လိုခြင်းမရှိပါက ၎င်း၏ဆန္ဒ အလျှောက် နုတ်ထွက် ပိုင်ခွင့်ရှိကြောင်း လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများတွင် ပြဌာန်းထားကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက “အစ်မ မြင့်မြင့်စန်းက ၂၀၁၂ ကတည်းက လွှတ်တော် ကိုယ်စားလှယ် တာဝန် ထမ်းဆောင်ခဲ့သူဆိုတော့ ကျမတို့က သူ့ရဲ့ လွှတ်တော်တွင်း ပြောဆို ဆွေးနွေးမှုတွေကို စံနမူနာထားပြီး အတုယူနေရတာပါ။ ကျမတို့တွေ လွှတ်တော်ထဲမှာ ကြိုးစားပြီး အလုပ်လုပ်ပေမယ့် အောက်ခြေမှာ အရာမထင် ဖြစ်နေတဲ့ ကိစ္စတွေလည်း အစ်မနဲ့ ပြောဖြစ်၊ ရင်ဖွင့် ဖြစ်ကြတယ်။ ဒါပေမယ့် ဒီလိုမျိုး လွှတ် တော်ကိုယ်စားလှယ် ဘဝကနေ နုတ်ထွက်သွားမှာ ကိုတော့ လုံးဝမဖြစ်စေချင်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။

ဒေါ်မြင့်မြင့်စန်းမှာ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၂၀၀၉ ခုနှစ်၌ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး အင်းစိန် ထောင်နှင့် ကသာထောင်တို့တွင် ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသူဟောင်း တဦးလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ပြီးနောက် NLD ပါတီ ကိုယ်စားပြု၍ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲတွင် ဝါးခယ်မမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သဖြင့် ၂၀၁၂ မှ ၂၀၁၅ ခုနှစ် အထိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝါးခယ်မမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ် ၌ ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် တဦး ဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်၌ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ၊ တရားစီရင်ရေး ဥပဒေ ဖွံ့ဖြိုး တိုးတက် ရေး နှင့် အစိုးရ၏ အာမခံချက်များ၊ ကတိ ကဝတ်များ စိစစ်ရေး ကော်မတီတို့၌ အဖွဲ့ဝင် အဖြစ် တာဝန်ယူ ထား သူလည်း ဖြစ်ပြီး လွှတ်တော်၌ အစိုးရဌာန ဆိုင်ရာတို့၏ ဆောင်ရွက်ချက်များ အပေါ် မေးခွန်း အများအပြား မေးမြန်းခဲ့သလို လွှတ်တော် အတွင်း ဝေဖန် ထောက်ပြမှုများ ပြုလုပ်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း သိရသည်။

Loading