သတင်း

မန္တလေးမြို့ သေနတ်ပစ်မှု တရားခံကို လူသတ်မှုဖြင့် တရားစွဲမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့သစ်တွင် လွန်ခဲ့သည့် နှစ်ပတ်က ဖြစ်ပွားခဲ့သော သေနတ်ပစ်မှုတွင် ပါဝင်သော သေနတ် သမားအား လူသတ်မှုဖြင့် မန္တလေးခရိုင်တရားရုံး၌ လာမည့်စက်တင်ဘာ ၁၀ ရက်တွင် တရားစွဲတင်မည် ဖြစ်ကြောင်း မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်တရားရုံးမှသိရသည်။

၎င်းတရားရုံးမှ တာဝန်ရှိသူတဦးက “ရဲလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့အတွက် ဒီနေ့ တရားရုံးမှာ ဒုတိယ အကြိမ်ရမန်လာယူတာဖြစ်တယ်။ မန္တလေးခရိုင်တရားရုံးမှာ တရားစွဲတင်သွားမှာဖြစ်ပါတယ်” ဟု မီဒီယာ များအား ပြောကြားသည်။

သြဂုတ် ၁၃ ရက် နေ့ခင်းပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း၊ နှင်းဆီလမ်းနှင့် ရွာလယ် လမ်းကြားတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား၊ အမျိုးသမီးစုံတွဲထံမှ လက်ကိုင်အိတ်ကို လုယက်ခဲ့ရာမှ လုယက်သူက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အမျိုးသမီးမှာ ဦးခေါင်းထိမှန်ကာ သေဆုံးခဲ့ပြီး အမျိုးသားသည် ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ရောက်ရှိခဲ့ကြောင်း မန္တလေးခရိုင်ရဲ တပ်ဖွဲ့မှုးရုံးက သတင်းထုတ်ပြန်ထားသည်။

၎င်းအမှုတွင် ပါဝင်သည့် သေနတ်သမားသည် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာတွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် ပန်းရံလုပ်ငန်းလုပ်ကိုင်သူအမျိုးသားဖြစ်ပြီး လုယက်ရန် ပစ်ခတ် ခဲ့ခြင်းဖြစ်ကာ ၎င်းအားမှုခင်းဖြစ်ပွားသည့်နေရာတွင် ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းနှင့်အတူ စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ကျည် ၂၂ တောင့်၊ ကျည်အိမ်၂ ခု၊ ကျည်ခွံ၁ခု၊ ဆိုင်ကယ်တစီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သေနတ်သမားအား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၉၄ (လုယက်မှု)ဖြင့်လည်းကောင်း၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့်လည်းကောင်း အမှုဖွင့်ထားပြီး မန္တလေးမြို့ အောင်ပင်လယ်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယနေ့ ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် ယနေ့ ဒုတိယအကြိမ် ရမန်ထပ်ယူခြင်းဖြစ်ပြီး တရားရုံးက ရမန် ၂ ပတ်ထပ်ပေးကာ လာမည့် စက်တင်ဘာ ၁၀ ရက်တွင် မန္တလေးခရိုင်တရားရုံး၌ အထက်ပါပုဒ်မများဖြင့် တရားစွဲတင်သွားမည်ဖြစ်ကြောင်း ချမ်းမြသာစည် မြို့နယ်တရားရုံးမှ သိရသည်။

ပြီးခဲ့သည့်နှစ် မတ်လက မန္တလေးမြို့သစ် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်းပေါ်တွင် ဆိုင်ကယ် စီးလာသူ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးလည်း သေနတ်ဖြင့် ပစ်ခံရ၍ နေရာတွင် ပွဲချင်း ပြီးသေဆုံးခဲ့သည့် ဖြစ်စဉ်တခုဖြစ်ပွားခဲ့သော်လည်း အမှုနောက်ဆက်တွဲအခြေအနေကို ယနေ့အထိအသေးစိတ်မသိရှိရပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading