တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာနိုင်ငံ၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးပြီး ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများအတွက် အရေးယူရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ကုလသမဂ္ဂ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာက ယနေ့တိုက်တွန်းလိုက်သည်။
ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင် လုံခြုံရေးတပ်ဖွဲ့များ၊ အဓိကအားဖြင့် မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက်မှု ပုံစံများသည် နိုင်ငံတကာ ဥပဒေအရ အပြင်းထန်ဆုံးသော ရာဇဝတ်မှုများဖြစ်သည်ကို သံသယရှိရန်မလိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၇ ခုနှစ် မတ်လတွင် ထူထောင်ခဲ့သော ထိုအဖွဲ့က ဖေါ်ပြသည်။
ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဘက်အုပ်ချုပ်ရေးသမားများသည်လည်း “သူတို့၏ ဆောင်ရွက်ချက်များနှင့် မသိကျိုးကျွန်ပြုခြင်းများမှ တဆင့် ရာဇဝတ်ပြစ်မှု မြောက်စေရန် ကူညီပံ့ပိုးပေးခဲ့ကြောင်း” တွေ့ရှိရသည်ဟု အစီရင်ခံထားသည်။
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အကြီးအကဲ သို့မဟုတ် သူ၏ ဩဇာကို အသုံးပြုပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဖြစ်ရပ်များကို တားဆီးခြင်း မလုပ်ခဲ့” ဟု အစီရင်ခံထားသည်။
အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရွတ်စမန်က ဦးဆောင်သော အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ခြင်း မပြု၍ ပြည်တွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
ယခု အစီရင်ခံစာသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားသို့ လူ ၇ သိန်းကျော် ထွက်ပြေးခဲ့ကြသည့် တနှစ်ပြည့်သည့်အချိန်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မနက်ဖြန် ဩဂုတ်လ ၂၈ ရက် အင်္ဂါနေ့တွင်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာ့အရေး အတိုချုပ် အစီရင်ခံရန် ရှိနေသည်။
ယခုနှစ် မေလဆန်းပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပြီး ရက်စက်ကြမ်းတမ်းမှု စွပ်စွဲချက်များ အတွက် မြန်မာနိုင်ငံက စနစ်တကျ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်း စစ်ဆေးရန် ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်သူ ရိုဆာရီယို မယ်နာလို ဦးဆောင်သော ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့သည်။
ယခုကော်မရှင်သည် ရခိုင်ပြည်နယ်နှင့်ဆိုင်သော လူသားချင်းစာနာမှုနှင့် ဖွံဖြိုးတိုးတက်ရေးတို့၌ ကုလသမဂ္ဂ ပါဝင်ဆောင် ရွက်နိုင်ရေး အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် လက်မှတ်ရေးထိုးအပြီး ဆက်လက်ဖွဲ့စည်းခြင်းဖြစ်သည်။
တပြိုင်နက်တည်းတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က သိန်းချီသော မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက် သွားစေသည်ဟူ သော စွပ်စွဲချက်အတွက် မြန်မာနိုင်ငံအပေါ် အမှုဖွင့်ရန် သင့်မသင့် စဉ်းစားရာတွင် ပူးပေါင်းဆောင်ရွက်မည် မဟုတ် ကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။
ICC ၏ တောင်းဆိုမှုကို တုံ့ပြန်မည် မဟုတ်ကြောင်းနှင့် ထိုတောင်းဆိုမှုသည် အစိုးရအပေါ် နိုင်ငံတကာ ဖိအားပိုမိုများလာစေရန် ရည်ရွယ်သော အားထုတ်မှုသာဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ကြေညာထားသည်။
ဆက်စပ်ဖတ်ရှုရန် – မပြီးဆုံးနိုင်သေးသော ရခိုင်ပြည် မြောက်ပိုင်းပြဿနာ