သတင်း

တပ်ချုပ် ဖေ့ဘွတ်အကောင့် အပိတ်ခံရ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့ဘွတ်စာမျက်နှာ အသုံးပြုခွင့်ကို ဖေ့ဘွတ်ကုမ္ပဏီက ပိတ်ပစ်ခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

“မိမိတို့သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြားကွန်ယက် အပါအဝင် မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ ကို ပိတ်ပင်ထားသည်။ ထို လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် နိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကျူးလွန်ခဲ့သည် သို့မဟုတ် ကျူးလွန်မှု ဖြစ်စေခဲ့သည်ဟူသော အထောက်အထားများကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်သော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာအပါအဝင် နိုင်ငံတကာ ကျွမ်းကျင်သူများ တွေ့ရှိခဲ့သည်။ လူမျိုးရေး၊ ဘာသာရေး ပိုမိုတင်းမာမှုများကို မီးထိုးပေးရန် မိမိတို့၏ ဝန်ဆောင်မှုကို ၎င်းတို့အသုံးမပြုနိုင်အောင် မိမိတို့လုပ်ဆောင်လိုသည်။ ထို့ကြောင့် ထိုလူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် ဖေ့ဘွတ်မှ စာမျက်နှာ ၆ ခုနှင့် အကောင့် ၆ ခု၊ အင်စတာဂရမ်မှ အကောင့်တခုတို့ကို ဖယ်ရှားလိုက်သည်” ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးထားသည်။

ဖေ့ဘွတ် အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမုန်းတရား ပြန်ပွားမှု ထိန်းချုပ် လုပ်ဆောင်ရာတွင် အားနည်းခဲ့ကြောင်း ဖိအားပေးခံခဲ့ရသည်။ ဖေ့ဘွတ်တွင် အမုန်းစကား၊ စော်ကားမှု၊ အချက်အလက်မှား စသည်တို့ကို လူအစား AI (ဉာဏ်ရည်တု) ဖြင့် အကဲဖြတ်သည့် စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ယခုအခါ မြန်မာဘာသာစကား ကျွမ်းကျင်သည့် သုံးသပ်သူများကိုလည်း ခေါ်ယူ၍ တာဝန် ပေးထားကြောင်း ဧပြီ ၆ ရက်နေ့က မြန်မာအရပ်ဘက် အဖွဲ့အစည်းများအား ပြန်ပို့ထားသော Mark Zuckerberg ၏ စာအရ သိရသည်။

မွတ်ဆလင်များနှင့် ပတ်သက်သည့် သွေးထိုးလှုံ့ဆော်မှုများ ရေးသားခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ စာမျက်နှာကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အပြီးတိုင်ပိတ်သိမ်းလိုက်သည်။

ထိုနောက် သုံးစွဲခွင့် ပိတ်ပင်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်လာကာ “စစ်မှန်မှု ကင်းမဲ့သော အပြုအမူရှိသည်”ဟု ဖေ့ဘွတ်က စုံစမ်းတွေ့ရှိသော အခြားစာမျက်နှာ ၄၆ ခုနှင့် အကောင့် ၁၂ ခုတို့ကိုလည်း ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ထားသည်။

“မကြာသေးမီက စုံစမ်းစစ်ဆေးမှုအတွင်း ၎င်းတို့သည် လွတ်လပ်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းနှင့် ထင်မြင်ချက် စာမျက်နှာများကို သုံး၍ မြန်မာ့တပ်မတော် ပြောချင်သည်များကို တွန်းအားပေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ထိုသို့သော အပြုအမူကို ဖေ့ဘွတ်တွင် ပိတ်ပင်သည်။ အကြောင်းမှာ အများပြည်သူအနေဖြင့် ၎င်းတို့ ရရှိသော အဆက်အသွယ်များကို ယုံကြည်နိုင်စေရန် မိမိတို့လိုလားသောကြောင့် ဖြစ်သည်” ဟု ထုတ်ပြန်ချက်က ရေးသည်။

ဧပြီလ ၁၀ ရက်နေ့က အမေရိလွှတ်တော်၌ ကြားနာမှု ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး လွှတ်တော် အမတ်များ၏ မေးမြန်းမှုများကို Mark Zuckerberg က ဖြေကြားခဲ့ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို နောက်ထပ် မြန်မာဘာစကားကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

Mark Zuckerberg က “မြန်မာဘာသာစကား ကျွမ်းကျင်သူတွေ မရှိဘဲ အလုပ်လုပ်ရတာ အခက်အခဲ ဖြစ်လာပါတယ်။ ဒါကြောင့် အဲဒီလို ထပ်မဖြစ်စေဖို့ အတွက် မြန်မာဘာသာစကား ကျွမ်းကျင်သူနောက်ထပ် ဒါဇင်ပေါင်းများစွာကို ငှားရမ်းပြီး အန္တရာယ်ပေး ခြိမ်းခြောက်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားပစ်မယ်။ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တွေ ရယူသွားမယ်။ နောက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်သွားမယ်”ဟုလည်း ပြောခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading