နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း အလုပ်သင်ရှေ့နေ အမျိုးသမီးတဦးအား ခင်ပွန်းဟောင်း ဖြစ်သူက သတ်ဖြတ်မှု ဖြစ်ပွားကြောင်း တပ်ကုန်းမြို့နယ် ရဲစခန်းမှ သတင်း ရရှိသည်။
သြဂုတ် ၂၇ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်ခန့်က တပ်ကုန်းမြို့နယ်အတွင်း နွယ်ရစ်ကျေးရွာ အလွန် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၂၇၃/၁ အနီးတွင် အလုပ်သင်ရှေ့နေ အသက် ၂၈ နှစ်ရှိသူ မဆုရည်ဖြိုးနှင့် ဖခင်ဖြစ်သူ ဦးအောင်မောင်းတို့ သားအဖ ၂ ဦး ဆိုင်ကယ် တစီးတည်း စီးလာစဉ် အသတ်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။
တပ်ကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တဦးက“တရားခံမှာ အရင် မယားကြီး ရှိတယ်။ သူတို့ ကွာရှင်းထားတာ ၁၀ ရက် လောက်ပဲ ရှိသေးတာ။ မိဘတွေ ကွာရှင်းခိုင်းလို့ ဒီကောင်မလေးကို မကျေနပ်တဲ့ သဘောမှာ ရှိတယ်။ အရင်ရက်တွေ ကလည်း တရားရုံးကို ဒီကောင်မလေးကို လာချောင်းတယ်တဲ့။ သူတို့တရားရုံးက ရှေ့နေ အသိုင်းအဝိုင်းက ပြောပြ တယ်။ အခုမှစုံစမ်းလို့ သိရတာ”ဟု ဧရာဝတီသို့ ပြောသည်။
ခင်ပွန်းဟောင်း ဖြစ်သူ ကိုအောင်စိုး ဆိုသူက ဆိုင်ကယ်အရှေ့မှ မောင်းလာသူ မဆုရည်ဖြိုး၏ လည်ပင်းကို ဓားမြှောင် ဖြင့် ဖခင်ဖြစ်သူ ရှေ့တွင်ပင် လှီးဖြတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင်လည်း ဖော်ပြထားသည်ကို တွေ့ရ သည်။
ဖခင်ဖြစ်သူက တားမြစ်ရာတွင် ကျူးလွန်သူက ဓားကို လွယ်အိတ်ထဲ ပြန်ထည့်ကာ ထွက်ပြေးသွားကြောင်း၊ ထိုအချိန် တွင် ရှေ့နေ အမျိုးသမီးမှာ သေဆုံးနေပြီ ဖြစ်ကြောင်း တပ်ကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ က ရှင်းပြသည်။
ကျူးလွန်သူ ခင်ပွန်းဟောင်းသည် ဆည်ထိပ်ကျေးရွာ တပ်ကုန်းမြို့နယ်တွင် နေထိုင်ပြီး အသတ်ခံရသူ ရှေ့နေ အမျိုးသမီးမှာ ဝက်စုကျေးရွာ တပ်ကုန်းမြို့နယ်တွင် နေထိုင်လျက် ရှိသည်ဟုလည်း သိရသည်။
အထက်ပါ ရဲ အရာရှိက“ပြစ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့က ရှာနေတုန်း ဖြစ်တယ်။ အခု ၅ နာရီ အချိန်ထိတော့ မဖမ်းမိ သေးဘူး။ သူ့ကို ဖမ်းမိဖို့အတွက် ရှာနေကြပါတယ်”ဟု ပြောသည်။
အသတ်ခံရသူ ရှေ့နေ အမျိုးသမီး နှင့် ကျူးလွန်သူ တို့သည့် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ပျော်ဘွယ် တရားရုံးတွင် ကွာရှင်း ခဲ့ကြပြီး ကျေနပ်မှု မရှိခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ရဲ အရာရှိက မှတ်ချက်ပေး သည်။
ရှေ့နေအမျိုးသမီး ရုပ်အလောင်းကို တပ်ကုန်း မြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းသေဆုံးသူ အမျိုးသမီး၏ ဖခင် ဖြစ်သူက တရားလိုပြုလုပ်ကာ တပ်ကုန်းမြို့မ ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။