တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook အကောင့် အပါအဝင် တပ်မတော်ဆိုင်ရာ အကောင့်များ ပိတ်ပင်ခံရမှုသည် အစိုးရ၏ လုပ်ရပ်ဟု အထင်လွဲနိုင်သဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တနည်းတဖုံထိခိုက်လာမည်ကို စိုးရိမ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောသည်။
ဦးဇော်ဌေး က “ကျနော်တို့ လက်ရှိအစိုးရသွားနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း တနည်းတဖုံအားဖြင့် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်တယ်။ ရှိလာမယ့် အလားအလာတွေလည်း ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် SMMIT (အစိုးရကဖွဲ့ထားသည့် ဆိုရှယ် မီဒီယာစောင့်ကြည့် ထိန်းကျောင်းရေးအဖွဲ့ ) ပေါ့နော်။ အဲဒီအပေါ်မှာ အထင်လွဲမှုတွေ ဖြစ်လာနိုင်တယ်” ဟု မနေ့ကညပိုင်းက သတင်းထောက်များကို ပြောသည်။
Facebook ကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား အပါအဝင် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ဖော်ခဲ့၍ ပိတ်ပင်ရခြင်းဟု ကြေညာခဲ့သည်။
ထို့ကြောင့် ထိုလူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် Facebook ပေါ်မှ စာမျက်နှာ ၆ ခုနှင့် အကောင့် ၆ ခု၊ အင်စတာဂရမ်မှ အကောင့်တခုတို့ ဖယ်ရှားခံခဲ့ရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာများ အပိတ်ခံရမှုမှာ Facebook မှ ထုတ်ပြန်ထားသည့်အတိုင်း ဖြစ်ကြောင်း၊ အစိုးရ၏ Input (လုပ်ဆောင်ချက်) တစုံတရာလုံးဝ မပါကြောင်း ဦးဇော်ဌေးက သတင်းထောက်များကို တဆက်တည်း ရှင်းပြသွားသည်။
နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက “တပ်မတော်ရဲ့ပြောရေးဆိုခွင့်ကိုတော့ ပေးရမယ်။ ကြိုက်တာမကြိုက်တာက ပြဿနာတခုလေ။ မင်းတို့မပြောနဲ့ ငါတို့ပဲပြောမယ်ဆိုတာကတော့ တရားမမျှတဘူး။ ကျနော်တို့လည်း ပြောခွင့်မရှိတုန်းက မကြိုက်ခဲ့ဘူး။ ဗမာပြည်ရဲ့လက်ရှိအနေအထားမျိုးမှာ ဗမာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူး” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး အကောင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် မြဝတီအကောင့်တို့သည် အမုန်းစကားပြောဆိုခြင်းမရှိဘဲ သတင်းပြန်ကြားသည့် အလုပ်ကိုပင် လုပ်နေရာ ယခုလိုအပိတ်ခံရခြင်းသည် အံ့သြစရာကောင်းကြောင်း၊ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က“ဒီဟာသည် တပ်မတော်နှင့် အစိုးရကြားမှာ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်တဲ့နေရာမှာ အန္တရာယ်ရှိတယ်လို့ မြင်တယ်။ ဒါကြောင့် ဒီဟာကို အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် အဖြေထုတ်ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားဖို့လိုလိမ့်မယ်”ဟု ပြောသည်။
ကျပ်သိန်း ၆ သောင်းကျော် အသုံးပြုပြီး လူမှုကွန်ရက်ကို အစိုးရကစောင့်ကြည့်ပြီးနောက် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် အကောင့်များ အပိတ်ခံရသော်လည်း ဆရာတော် ဦးဉာဏိဿရကို အမျိုးသမီး ကိုယ်လုံးဖြတ် ဖိုတိုရှော့လုပ်သည့် အကောင့်များ၊ တပ်ချုပ်ကို ထမီခေါင်းပေါင်းပေးသည့် အကောင့်များမှာ အပိတ်ခံရခြင်း မရှိကြောင်းကြံ့ခိုင်ရေးပါတီက စွပ်စွဲခဲ့သည်။
ယခုအခါတပ်မတော်အကောင့်များ ပြန်လည်ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည်ကို Facebook သို့ဆက်သွယ်မေးမြန်းထားကြောင်း၊ အကောင့် အသစ် ဖွင့်လှစ်ပါကလည်း ထပ်မံ၍ ဖြုတ်ချခံရမှုရှိ၊ မရှိတို့ကို သမ္မတရုံးက Facebook နှင့်ဆက်လက် ဆွေးနွေးနေကြောင်း၊ ယင်းအကောင့်များ ပိတ်ပစ်ရန် Facebook က အစိုးရနှင့် တိုင်ပင်မှု မရှိခဲ့ကြောင်းသိရသည်။
တရုတ်၊ ဗီယက်နမ်နှင့် စင်ကာပူ နိုင်ငံတို့တွင် Facebook က ရုံးခွဲများရှိရာ Facebook ရုံးခွဲများသည် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေကို လိုက်နာပါမည်ဆိုသည့် သဘောတူညီချက်ဖြင့် ဆောင်ရွက်ရကြောင်း၊ မြန်မာနိုင်ငံတွင်မူ Facebook ရုံးခွဲပင် မရှိသဖြင့် မြန်မာ၏ တည်ဆဲဥပဒေကိုလိုက်နာရန် မလိုသည့် အနေအထားမျိုး ဖြစ်နေကြောင်းသိရသည်။
“တရုတ်မှာဆိုရင် Facebook ကိုပိတ်တယ်။ Facebook သုံးတဲ့အခါမှာ သဘောတူညီချက်တွေ ယူတာတော့ရှိတယ်။ အလားတူပဲ ဥရောပမှာလည်း Facebook နဲ့ MoU တွေထိုးတာရှိတယ်။ အဲ့အပိုင်းမှာလည်း အစိုးရက Facebook နဲ့ MoU ထိုးဖို့အထိ ညှိနှိုင်းခဲ့တယ်” ဟု ဦးဇော်ဌေး က ရှင်းပြခဲ့သည်။
တပ်မတော်အကောင့်များကို လူ့အခွင့်အရေးကိစ္စ အကြောင်းပြု၍ ပိတ်ပင်ခြင်းမှာလည်း မြန်မာအစိုးရက မှန်ကန်သည့် အထောက်အထား အချက်အလက်များပေးရန် ပြောဆိုထားပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်လည်း ဖွဲ့စည်းထားပြီး ဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ပါကလည်း ပေါ်ပေါက်လာလိမ့်မည် ဖြစ်ကြောင်းသမ္မတရုံးက ပြောဆိုခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – တပ်ချုပ် ဖေ့ဘွတ်အကောင့် အပိတ်ခံရ