မွန်တိုင်းရင်းသားများနှင့် နေပြည်တော် ဗဟိုအစိုးရတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မထိခိုက်စေရန် ၇၁ နှစ်မြောက် မွန်တော်လှန်ရေးနေ့ ပိုစတာဆိုင်းဘုတ်ကို ဖြုတ်ချရန် (သို့မဟုတ်) ဆိုင်းဘုတ်ထဲမှ တော်လှန်ရဲမှ လွတ်လပ်မည် ဆိုတဲ့စာသားကို ဖျက်ပေးရန် မြန်မာ့တပ်မတော်က တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတောင်ပိုင်းတွင် နေထိုင်ကြသည့် မွန်တိုင်းရင်းသားများသည် သြဂုတ်လ ၂၆ ရက်တွင် ကျရောက်ခဲ့သည့် ၇၁ နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် ကြွေးကြော်သံများဖြင့် အထိမ်းအမှတ် ပိုစတာများကို စိုက်ထူခဲ့ခြင်းဖြစ်သည်။
မွန်ဘာသာဖြင့် ဖော်ပြထားသော ကြွေးကြော်သံဆောင်ပုဒ်တွင် “တော်လှန်ဝံ့ပါရင် လွတ်လပ်မှုကို သင်ရပါလိမ့်မယ်” ဟု ဖော်ပြထားသည်။ တပ်မတော်အရာရှိများက မွန်ဘာသာနဲ့ ရေးထားသည့် ယင်းဆောင်ပုဒ် အဓိပ္ပါယ်ကို သိရှိနားလည်သောအခါ ပိုစတာကို ဖြုတ်ချရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်က မွန်တော်လှန်ရေး အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ မွန်အဖွဲ့တဖွဲ့က ရဲများထံမှ လက်နက်လုယူရန် ရဲစခန်းတခုကို ဓားများဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့်ဖြစ်သည်။ ယင်းနှစ်တွင် မွန်တိုင်းရင်းသားများက ဗဟိုအစိုးရကို ဆန့်ကျင်ရန်နှင့် မိမိတိုင်းရင်းသားများအခွင့်အရေးအတွက် တိုက်ယူရန် လက်နက်ကိုင်တပ်ဖွဲ့တခုကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
၇၁ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပရေး ကော်မတီက သြဂုတ်လ ၁၇ ရက်တွင် ရေးမြို့နယ်၌ ပထမဆုံး အထိမ်းအမှတ် ပိုစတာဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပြီးနောက် ဗဟိုအစိုးရကို ဆန့်ကျင်သည့်အတွက် ဖြုတ်သိမ်းရန် တပ်က အကြောင်းကြားခဲ့သည်။ အခြားမြို့နယ်များတွင် ယင်းဆောင်ပုဒ်များပါသည့် ဆိုင်းဘုတ်များ စိုက်ထူကြသောအခါ မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီ(NMSP) ကို မော်လမြိုင်မှာ ဆင့်ခေါ်တွေ့ဆုံသည်။
မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် သြဂုတ်လ ၂၀ ရက်က တွေ့ဆုံခဲ့သည်။
“ကျနော်တို့ ပါတီဝင်တွေကို ခေါ်တွေ့တယ်။ သူတို့ပြောတာက ဆောင်ပုဒ်ထဲက ရေးသားထားတဲ့ စာသားက နည်းနည်းပြင်းထန်တယ်။ ကျနော်တို့ဘက်ပြန်ပြောတာက ဒီကိစ္စက ကျနော်တို့ ကိုယ်တိုင် စီစဉ်ပြီး လုပ်တာ မဟုတ်ဘူး။ မွန်လူငယ်တွေက လုပ်တာပါ” ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“မွန်ပြည်သစ်ပါတီအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ထိုးပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ အဲဒါမို့ ဒီဆောင်ပုဒ်က အသုံးအနှုန်းက အစိုးရ ဆန့်ကျင်ရေး ပြင်းထန်လွန်းတယ်” ဟု သူက ဆက်ပြောသည်။
“(တပ်ကိုလည်း) ကျနော်တို့(မွန်ပြည်သစ်ပါတီ)အနေနဲ့ (ဒီလိုပြင်းထန်တဲ့ အသုံးအနှုန်းတွေပါတဲ့) ပိုစတာ မစီစဉ်ခဲ့ဘူးလို့ ပါတီဝင်တွေက ပြန်ပြောလိုက်ပါတယ်။ မွန်ပြည်နယ်က လူငယ်တွေက ဒီပိုစတာတွေ ဖန်တီးတာပါ” ဟု နိုင်ဟံသာက ပြောသည်။
ဗိုလ်မှူးကြီးဝင်းနိုင်ဦးက မွန်ပြည်သစ်ပါတီအား မွန်လူငယ်များကို ယင်းဆောင်ပုဒ်များ ဖျက်ပေးဖို့ ပြောပေးရန် ပြောဆိုတိုက်တွန်းခဲ့ကြောင်း သိရသည်။
၁၉၉၅ ခုနှစ်တွင် ဗဟိုအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးကတည်းက မွန်တိုင်းရင်းသားများ၏ တော်လှန်ရေးနေ့ ကျင်းပခြင်းကို တစုံတရာ ကန့်ကွက်ခဲ့ခြင်းမှာ ယခု ပထမဆုံး အကြိမ်ဖြစ်သည်။
မွန်တော်လှန်ရေးနေ့ ကျင်းပရေးကော်မတီက ယင်းဆောင်ပုဒ်၏ စာသားကို ဖျက်ပေးရန် သဘောတူခဲ့သော်လည်း မွန်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် ဆိုင်းဘုတ်များ စိုက်ထူထားဆဲဖြစ်သည်။
တပ်မတော်အနေဖြင့် မွန်ပြည်နယ်ရှိ မြို့များပေါ်တွင် တော်လှန်ရေးနေ့ကျင်းပရန် ကော်မတီကို ခွင့်ပြုလိမ့်မည် မဟုတ်ဟု ၎င်းတို့ကို ပြောကြားကြောင်း အထိမ်းအမှတ်ပွဲများ စီစဉ်ရာတွင် ကူညီနေသူ ကော်မတီဝင်တဦးဖြစ်သည့် နိုင်တောပနအောင်က ဆိုသည်။
သို့ရာတွင် ၎င်းတို့ကော်မတီအနေဖြင့် ထုံးစံအတိုင်း တော်လှန်ရေးကျင်းပရန် စီစဉ်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။
နှစ်စဉ်နှစ်တိုင်း မွန်တော်လှန်ရေး အထောက်အကူပြုသည့် မတူညီသောဆောင်ပုဒ်များကို ၎င်းတို့ကော်မတီအနေဖြင့် ချမှတ်လာခဲ့ကြောင်း၊ ယခင်က တပ်မတော်နှင့်လည်း မည်သည့်ပြဿနာမှ မရှိခဲ့ကြောင်း သူက ပြောသည်။
“ထုံးစံအတိုင်းပဲ ကျနော်တို့တော်လှန်ရေးနေ့ကို လွတ်လွတ်လပ်လပ် ကျင်းပတာပါ။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ စစ်တပ်က ဒီနှစ်ကျမှ ပြဿာနာရှာတာပါ။ ဒီဆောင်ပုဒ်က ငြိမ်းချမ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ သူတို့က ကျနော်တို့ကို ပြောပါတယ်” ဟု နိုင်တောပနအောင်က ဖြည့်စွက်ပြောသည်။
မွန်တိုင်းရင်းသားများသည် ၎င်းတို့နေထိုင်ရာ မြို့နယ်များတွင် လူစုကြပြီး တော်လှန်ရေးနေ့အခမ်းအနားကို ထုံးစံအတိုင်း စုစည်းကျင်းပကြလေ့ရှိသည်။ ယင်းနောက် အသက်သွေးချွေး စတေးခဲ့သည့် မွန်ခေါင်းဆောင်များ၏ ရုပ်တုများ တည်ရှိရာ အခြားမြို့နယ်များသို့ သွားရောက်၍ အလေးပြုတတ်ကြသည်။
( Lawi Weng ၏ Tatmadaw Cracks Down on Posters Celebrating 71st Mon Revolution Day ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)