လွန်ခဲ့တဲ့ ၉ နှစ်ခန့်က ထိုင်းနိုင်ငံကိုယ်စားပြု အနေနဲ့ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး စက္ကူလေယာဉ်ပစ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ Mong Thongdee (မောင်သောင်ဒီ) ဟာ သြဂုတ်လ၂၆ ရက်နေ့က ကျင်းပတဲ့ ထိုင်းအမျိုးသား စက္ကူလေယာဉ်ပစ်ပြိုင်ပွဲမှာ ထပ်မံအနိုင်ရခဲ့ပါတယ်။
သူဟာ နောက်နှစ် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် စက္ကူလေယာဉ်ပစ်ပြိုင်ပွဲမှာ ထပ်မံသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၉ နှစ်ကလည်း ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။
Mong ကို ထိုင်းနိုင်ငံသို့တရားမဝင် အလုပ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသားအဖြစ် နေထိုင်ခွင့်ကို တောင်းဆိုနေတာ ၉ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။ထိုင်းအစိုးရဟာ သူ့ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီး ကတိပေးခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို မရရှိသေးပါဘူး။
၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်သူတွေအတွက် အဓိကစိန်ခေါ်မှုကတော့ ဂျပန်နိုင်ငံက တင်သွင်းတဲ့ စက္ကူကိုသာခေါက်ပြီး ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက စက္ကူတင်ပို့ပြီး ခေါက်ခိုင်းတာဟာ ယှဉ်ပြိုင်သူတွေရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြိုင်ပွဲမှာ စက္ကူလေယာဉ်ကို နှစ်ကြိမ် ပစ်လွှတ်ရတာ ဖြစ်ပါတယ်။ Mong ရဲ့ စက္ကူလေယာဉ်ဟာ ပထမအကြိမ်မှာ လေထဲမှာကြာချိန် ၇ ဒဿမ ၉ ၃စက္ကန့်ရှိပြီး ဒုတိယအကြိမ်မှာတော့ ၁၇ ဒဿမ ၁၇ စက္ကန့် ကြာမြင့်ခဲ့ကာ ပျှမ်းမျှအနေနဲ့ ၁၂ဒဿမ ၅၅ စက္ကန့်် ကြာချိန်ရှိခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာ တယောက်ချင်း ယှဉ်ပြိုင်တဲ့အနေနဲ့ ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီး မီဒီယာများနဲ့ အင်တာဗျူးမှာတော့ Mong က “ဆယ်နှစ်ကျော်အကြာမှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရမယ်လို့ မထင်ထားကြောင်းနဲ့ ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် ပွဲမတိုင်ခင်မှာ ထိုင်းနိုင်ငံသားဖြစ်ခွင့်ရဖို့ မျှော်လင့်နေကြောင်း” စသဖြင့် ပြောဆိုခဲ့ပါတယ်။
Thai PBS တွင် ဖော်ပြထားသော Mong Thongdee wins paper plane championship သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
ဆက်စပ် သတင်းလင့်ခ် – “ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို မျှော်လင့်နေဆဲဖြစ်တဲ့” မြန်မာရွှေ့ပြောင်းအလုပ်သမား Mong Thongdee
Ref; Thai PBS