သတင်း

ပုံစံခွက်ပညာရေးကို ထောက်ပြရင်း ပွဲစည်ခဲ့တဲ့ ရသစာပေစကားဝိုင်း

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ဒီနေ့ကျင်းပခဲ့တဲ့ ရသစာပေးစကားဝိုင်းကတော့ သင်ကြားရေးစနစ်ရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာတွေ၊ စာကြည့်တိုက်တွေရဲ့ လိုအပ်မှုတွေကို ကျောင်းသား/သူတွေက ထောက်ပြဆွေးနွေးရင်း ပွဲစည်စည်နဲ့ အသုံးသတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့စကားဝိုင်းမှာ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေက ကျောင်းသား/သူ ၂၂ ဦး ပါဝင်ခဲ့ပြီး အစပိုင်းမှာ ဆွေးနွေးမှုတွေ တိုင်ပင်မကိုက်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ စိတ်ဝင်စားစရာ ဆွေးနွေးချက်တွေနဲ့ စကားဝိုင်းဟာ မြိုင်ဆိုင်ခဲ့ပါတယ်။

ပါဝင်ဆွေးနွေးသူတွေဟာ သင်ကြားရေးစနစ်နဲ့ ပတ်သက်လို့ သင်ပေးတာကျက်ပြီး ပြန်ဖြေနေရတဲ့ အခြေအနေကနေ ကိုယ်တိုင်လေ့လာ စူးစမ်းမှုတွေနဲ့ အပြန်အလှန်ဆွေးနွေး တင်ပြမှုပုံစံစနစ်ကို ပြောင်းလဲဖို့ အဓိကထားပြောခဲ့ကြပါတယ်။

ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသား မောင်အောင်ကျော်ဆင့် က “ပညာရေးမှာ အတွေး အခေါ်ကိုပေးရမယ်၊ လွတ်လွတ် လပ်လပ် တွေးခွင့်ပေးရမယ်” လို့ ဆိုပါတယ်။

ကျောင်းတွေမှာ သင်ကြားနေရတဲ့ကဗျာ၊ စကားပြေတွေမှာ ရေးဖွဲ့သူတွေရဲ့ ရေးရခြင်းအကြောင်း ရည်ရွယ်ချက်တွေကို တထစ်ချ သင်ကြားခဲ့ရတဲ့ အခြေအနေကိုလည်း ဆေးတက္ကသိုလ် (၁) မှ မောင်မင်းအေးချမ်းကို က ထောက်ပြဆွေးနွေး ခဲ့ပါသေးတယ်။

မောင်မင်းအေးချမ်းကို က “ ကဗျာတွေရဲ့ ရည်ရွယ်ချက်တွေကို ဖြေရတဲ့အခါ လွတ်လွတ် လပ်လပ် ဖြေခွင့်မရှိဘူး၊ ကဗျာကို ဖတ်ပြီးရင် ကဗျာဆရာရဲ့ ရည်ရွယ်ချက်နဲ့ ဖတ်တဲ့သူရဲ့ အမြင် တူချင်မှတူမယ်၊ အဲ့လိုမတူကွဲပြားမှုတွေကို အတိုင်းအတာ တခုအထိ လက်ခံပေးသင့်တယ်” လို့ ထောက်ပြခဲ့ပါတယ်။

စကားဝိုင်းအတွင်း ကျောင်းစာကြည့်တိုက်တွေရဲ့ အခြေအနေတွေကိုပြောကြရာမှာလည်း လက်ခုပ်သံတွေနဲ့ ပွဲကျခဲ့ပါသေးတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသူ မဝင့်မြတ်နိုးကတော့ “စာကြည်တိုက်တွေက သိပ်မထိရောက်ပါဘူး၊ စာအုပ်ကောင်းလေးတွေဆို သော့ခပ်ပြီး သိမ်ထားပါတယ်” လို့ တုံးတိတိပဲပြောလိုက်ပါတယ်။

ဒီပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “စာအုပ်ဆိုတာဖတ်ဖို့ဖြစ်ပါတယ်၊ သော့နဲ့ခပ်ထားဖို့ မဟုတ်ပါဘူး၊ စာအုပ်ရဲ့ တန်းဖိုးဟာ လူဖတ်မှ တန်ဖိုးရှိတာပါ” လို့ မှတ်ချက်ပေးပါတယ်။

တဆက်ထဲမှာပဲပ ညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး အနေနဲ့လည်း စာကြည့်တိုက်တွေကို သော့မခပ်ရေး ဆောင်ရွက်ပေးဖို့ ပြောခဲ့သလို ကျောင်းသား/သူတွေ အနေနဲ့လည်း စာအုပ်အား ကိုင်တွယ်ဖတ်ရှူတဲ့အခါ စည်းကမ်းတကျ ရှိကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးခဲ့ပါသေးတယ်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်က မမေရတနာဦး ကတော့ “ စာကြည့်တိုက်ကို အခြေပြုတဲ့ ပညာရေးစနစ် မဟုတ်တဲ့အတွက် သမီးတို့ ကျောင်းသားတွေက စာကြည့်တိုက်ထဲ သိပ်မဝင်ဖြစ်ဘူး” လို့လည်း ဆိုပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး ကျောင်းတွေမှာ ရှိနေတဲ့ စာကြည့်တိုက်တွေမှာ ကျောင်းသားတွေအတွက် သင်ခန်းစာတွေကို အထောက်အကူ ပြုနိုင်မယ့် စာအုပ်စာတမ်းတွေ၊ မှီငြမ်းစရာအချက်အလက်တွေ မပြည့်စုံတဲ့လိုအပ်ချက်က ကြီးမားဆဲပါ။ ဒါကို ပြင်ဆင်ပေးဖို့၊ စာအုပ် စာတမ်းတွေကို ဖြည့်တင်းပေးဖို့လည်း ကျောင်းသားတွေက တောင်းဆိုခဲ့ပါသေးတယ်။

တကယ်တော့ ယနေစကားဝိုင်းဟာ ရသစာပေးတွေနဲ့ ပတ်သက်လို့ အတွေအမြင်တွေ ဖလှယ်ဖို့ ဦးတည်ကျင်းပခဲ့တာပါ။ စကားဝိုင်း စတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရသစာပေဖြစ်တဲ့ ဝတ္ထုဇာတ်လမ်းတွေမှာ ဇာတ်လမ်းပိုင်းနဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်တွေမှာ ဘယ်ဟာအဓိက ကျတယ်လို့ယူဆသလဲဆိုပြီး မေးခွန်းနဲ့ အစတည်ပေးခဲ့ပါတယ်။

ဒါပေမယ့် တက်ရောက်လာတဲ့ ကျောင်းသား/သူတွေထဲက ကျောင်းသူတဦးဟာ သူတို့အနေနဲ့ စကားဝိုင်းမှာ ဘယ်လိုအကြောင်း အရာတွေ ပြောမယ်၊ ဘယ်လိုတွေဆွေးနွေးကြမယ်လို့ ကြိုတင်ကာ အချင်းချင်းပြင်ဆင်ထားကြတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒီအချက်ကိုဒေါ်အောင်ဆန်းစုကြည်က သဘောမကျခဲ့ပါဘူး။

“ဆွေးနွေးပွဲတခုကို လာမယ်ဆိုရင် ငါဘာပြောမယ်ဆိုတာ အပြတ်မစဉ်းထားရဘူး၊ အဲ့ဒါဆိုရင် ဆွေးနွေးပွဲတကယ် မမြည်တော့ဘူး၊ အဲ့ဒါဟော ပြောပွဲလိုပဲ၊ တယောက်ပြီးတယောက် ဟောပြောသွားလို့ရတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပေးလိုက်တဲ့ ဝတ္ထုတပုဒ်ရဲ့ ထိရောက်မှုဟာ ဇာတ်လမ်းပေါ် မူတည်လား/ ဇာတ်ကောင်အပေါ် မူတည်လားဆိုတဲ့ အပေါ်မှာတော့ ဆွေးနွေးသူတွေရဲ့ အဖြေအများစုဟာ တုံ့ဆိုင်းဆိုင်းသာရှိခဲ့တာကိုတွေ့ရပါတယ်။

ဆွေးနွေးပွဲအရှိန်ရလာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းစဉ်အပေါ် သဘောပေါက်လာချိန်မှာတော့ ဆွေးနွေးသူအများစု က ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေကို ဥပမာပေးပြီးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆက်လက်ပြီး ရသစာပေနဲ့ သုတစာပေးအကြောင်း ဆွေးနွေးကြရာမှာလည်း ရသစာပေသည် နှလုံးသားအတွက် ဖြစ်ပြီး သုတစာပေသည် ဦးနှောက်အတွက် ဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရသစာပေဆိုတာခေတ်ရဲ့အမြင်ကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီနေ့ ရသစာပေစကားဝိုင်းကတော့ ခါတိုင်း အနယ်နယ် အရပ်ရပ်မှာ သွားရောက် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး စကားဝိုင်း တွေနဲ့ ကွဲပြားပါတယ်။ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာတော့ ဆွေးနွေးချက်တွေဟာ လေးလေးပင်ပင်ရှိခဲ့ပြီး အဲဒီအကြောင်းကို နားမလည်တဲ့သူတွေအတွက်တော့ ပျင်းရိစရာ ဖြစ်နိုင်ပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ကျင်းပတဲ့ ရသစာပေစကားဝိုင်း ကတော့ လက်ခုပ်သံတွေ၊ ရယ်သံတွေ မကြာခနဆိုသလို ခန်းမအတွင်း လွှင့်ပျံခဲ့သလို တီဗွီဖန်သားပြင်က ကြည့်ရှုသူတွေတောင် အပျော်တွေ ကူးစက်ခဲ့ရပါတယ်။

ဒီကနေ့ ဆွေးနွေးဝိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သူကိုယ်တိုင် ကလေးတယောက်လို လွတ်လွတ်လပ်လပ် ရယ်မောတာကို တွေ့မြင်လိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading