ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့်အမှုကို ရုတ်သိမ်းရာတွင် ဘယ်အချက်တွေက ဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်လောင်လောင် ဖြစ်စေခဲ့သနည်း။
တရားရုံးမှ ထိုအမှုကိုရုတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်ကို လူထုက ဒေါသထွက် ကန့်ကွက်ခဲ့ကြသည်။ ရှေ့နေများ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ကြွလှုပ်ရှားသူများကလည်း အမှု ရုတ်သိမ်းခြင်းအပေါ် ဝေဖန်ကြပြီး ထိုတရားရုံး ဆုံးဖြတ်ချက်တွင် ပါဝင်ပတ်သတ်သူများကို စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ လူမှုကွန်ရက်အသုံးပြူသူများကလည်း “Failed Law” လှုပ်ရှားမှုကို စတင်ပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ ဝေဖန်မှုများက သမ္မတဦးဝင်းမြင့်ကိုပင် ထိုအမှုအပေါ် ဝင်ရောက် ထောက်ပြ ပြောဆိုစေခဲ့သည်။
ရှေ့နေတဦးဖြစ်ခဲ့ဖူးသော ဦးဝင်းမြင့်သည် ရန်ကုန်တိုင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမှ တာဝန်ရှိသူများနှင့် ရန်ကုန်တွင် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ဆုံရာတွင် အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ၎င်း၏ စိုးရိမ်မှုကို ပြောကြားခဲ့သည်။
“ကျနော်တို့ တသက်လုံး ဥပဒေပညာနဲ့ ရှေ့နေဘဝမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ ကိုင်ခဲ့တယ်။ မကြားဖူးတာတွေ ယနေ့ ကြားနေရတယ်” ဟု သူက ပြောသည်။
၂၀၁၆ ခုနှစ်မှစတင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟာသဗီဒီယိုများ တင်ပြီးနောက် နာမည်ကြီးလာသည့် အောင်ရဲထွေးသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ The One Entertainment Park တွင် ပြီးခဲ့သည့်နှစ်သစ်ကူးညက သူ၏ ချစ်သူနှင့်အတူ ပါတီပွဲတခုတက်စဉ် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် နာရီအနည်းငယ်အကြာတွင် သေဆုံးသွားခဲ့သည်။
ထိုအမှုအတွက် လူသုံးဦးကို ဖမ်းဆီးခဲ့သော်လည်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ခြောက်လကြာ စစ်ဆေးပြီးနောက် သေဆုံးသူ၏ မိသားစုမှ အမှုကို ကျေအေးရန် တင်ပြမှုအပေါ် လက်ခံ၍ ဇူလိုင် ၂၅ ရက်နေ့တွင် အမှုကို ရုတ်သိမ်းခဲ့သည်။ လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ သုံးဦးကို စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ရှေ့နေဦးဌေးက သူ၏ရှေ့နေလုပ်သက် နှစ် ၃၀ အတွင်း ယခုကဲ့သို့ အများရှေ့တွင် လူသတ်မှု ကျူးလွန်သည့်ပြစ်မှုကို ရုပ်သိမ်းပေးလိုက်ခြင်းသည် အံ့သြစရာ ကောင်းပြီး မကြုံဖူး မကြားဖူးကြောင်း ပြောသည်။
မြန်မာရှေ့နေများကွန်ရက် ပူးတွဲတည်ထောင်သူတဦးဖြစ်သည့် ထင်ရှားသော ရှေ့နေ ဦးသိန်းသန်းဦးကလည်း စုံစမ်းစစ်ဆေးမှု မပြီးသေးဘဲ အမှုကို တရားရုံးက ရုတ်သိမ်းခွင့်ပြုလိုက်သည်မှာ လွန်စွာ ထူးခြားကြောင်း ပြောသည်။
အဓိက သက်သေများကို ခေါ်ယူ စစ်ဆေးခြင်း မပြုခဲ့
တရားရုံးသည် တရားလိုပြသက်သေ ၂၂ ဦးအနက် ၁၄ ဦးကို စစ်ဆေးခဲ့သည်။ ထိုအထဲတွင် လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူများ၏ သူငယ်ချင်းသုံးဦး၊ The One Entertainment Park မှ လုံခြုံရေးနှင့် ဝန်ထမ်း ခြောက်ဦး၊ အောင်ရဲထွေး၏ အကိုဖြစ်သူ တရားလို ကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ ဖခင်နှင့် ချစ်သူတို့အပါအဝင် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့သည်။
လူသတ်မှုတခုတွင် အဓိက အရေးကြီးဆုံး သက်သေများဖြစ်သည့် မှုခင်းဆရာဝန်၊ အမှုစစ် ရဲအရာရှိနှင့် စီစီတီဗွီ မှတ်တမ်းတို့ကို အမှုတွင် ပေါ်ပေါက်ေအောင် မစစ်ဆေးသေးပဲ ရုတ်သိမ်းခွင့်ပြုခဲ့ခြင်းသည် သံသယဖြစ်ဖွယ်ရှိကြောင်း ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ထိုသို့ အရေးကြီး သက်သေများကို စစ်ဆေးရန် စိစစ်ကြပ်မတ်ရမည့် တာဝန်သည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ရှိသည်ဟု ၎င်းက ဆိုသည်။ ထိုရုံးကို တိုင်းဥပဒေချုပ် ဦးဟန်ထူးက ဦးဆောင်သည်။
တရားရုံးစီရင်ချက်အရ ရန်ကုန်တိုင်းဥပဒေချုပ်ရုံးက တရားခံ သုံးဦးတို့က ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ထင်ရှားပေါ်ပေါက်မှု မရှိခြင်း၊ သေဆုံးသူ ဦးခေါင်းတွင် ရရှိသောဒဏ်ရာသည် မည်သူက ပြုလုပ်ကြောင်းနှင့် တရားခံ ၃ ဦးနှင့် ပတ်သက်ကျူးလွန်ကြောင်း သက်သေခံချက်များ အားနည်းလျက်ရှိ၍ အမှုအား ဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာ မရှိသဖြင့် ရုတ်သိမ်းခွင့်ပြုကြောင်း အကြောင်းကြားခဲ့သည်။
ထို့နောက် ရုတ်သိမ်းခွင့်ပြုရန် ခရိုင်ဥပဒေအရာရှိက တရားရုံးသို့ လျှောက်ထားခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားသူကြီးမှ ဇူလိုင်လ ၂၅ ရက်နေ့တွင် အမှုကို ရုတ်သိမ်းခဲ့သည်။

အခင်းဖြစ်စဉ်က ရှိနေသည့် အဓိကသက်သေများက သေဆုံးသူ အောင်ရဲထွေး၏ ဦးခေါင်းတွင် ရရှိသောဒဏ်ရာနှင့် ပတ်သက်၍ မည်သူပြုလုပ်ကြောင်း ထင်ရှားစွာ ထွက်ဆိုနိုင်ခြင်း မရှိခြင်း၊ စစ်ဆေးပြီးသော သက်သေများ၏ ထွက်ဆိုချက်များအရ တရားခံက သေဆုံးသူအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သက်သေခံချက်များ အားနည်းခြင်း၊ ကျန်ရှိသည့် သက်သေများသည်လည်း အမှု၏ အဓိက သက်သေများ မဟုတ်ဘဲ ဝန်ထမ်းသက်သေများဖြစ်ခြင်းနှင့် တရားလိုနှင့် သေဆုံးသူ၏ မိဘ ညီအစ်ကိုများကိုယ်တိုင်က အမှုအား ဆက်လက ်မပြုလုပ်လိုတော့ခြင်းကြောင့် ရုတ်သိမ်းခွင့်ပြုသင့်ကြောင်း တွေ့ရှိရသည်ဟု အရှေ့ပိုင်းခရိုင် တရားသူကြီးမှ အမိန့်ချမှတ်ခဲ့သည်။
“သက်သေအထောက်အထား မခိုင်လုံဘူးဆိုတာကလည်း သက်သေက ၈ ယောက် ကျန်သေးတယ်။ အဲဒီ ၈ ယောက်က ဘာထွက်မလဲဆိုတာ ဘယ်သူမှ မသိဘူး။ မသိဘဲနဲ့ ဒီ ၈ ယောက်ထွက်နိုင်မှာ မဟုတ်ဘူးဆိုပြီး ပြောတယ်။ ဒီသက်သေတွေ ဘာထွက်မလဲ တရားရုံးက ဘယ်လိုလုပ်သိတာလဲ။ အဲ့ဒါကို ဒီလူတွေက အရေးမကြီးဘူးဆိုတာ သူ ဘယ်လိုလုပ်သိတာလဲ။ ဒီအမှုကို စဉ်းစားတာသည် အင်မတန် အံ့သြစရာကောင်း အရမ်းကို သဘောကောင်းလွန်း အားကြီးနေတာ ကျနော်တို့ တွေ့ရတယ်” ဟု ဦးသိန်းသန်းဦးက ပြောသည်။
ရဲတပ်ဖွဲ့ ကနဦး ထုတ်ပြန်ချက်
ကြားနာမှုအတွင်း တရားလိုအဖြစ် ဆောင်ရွက်သူ အောင်ရဲထွေးအကိုက အောင်ရဲထွေးတွင် နှလုံးရောဂါ ရှိသည်၊ ထိုဖြစ်ရပ်သည် ပျော်ပွဲရွှင်ပွဲ ကျင်းပရာ လူငယ်သဘာ၀ အခန့်မသင့်၍ ခိုက်ရန်ဖြစ်ပွားရာမှ မတော်တဆဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့မှ အစောပိုင်း ထုတ်ပြန်ချက်များတွင် အောင်ရဲထွေးသည် သံသယရှိခံရသူများနှင့် ထိုနေ့ဖြစ်ရပ် မတိုင်ခင် လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ဖူးသည်ဟု ဆိုထားသည်။
ဇန်နဝါရီလ ၄ ရက်နေ့က ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြစ်မှုအား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ သန်းထွဋ်အောင် (ခ) သားကြီး ပါဝင်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ၎င်း၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏ နယ်မြေရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် အမှုဖြင့် ဖမ်းဆီးခဲ့သည်။ သန်းထွဋ်အောင် (ခ) သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပြည်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇော တို့အတူ ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့က VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်က ခိုက်ရန်ဖြစ်ဖူးခဲ့သူတဦးဖြစ်ကြောင်း သိရပြီး ဝိုင်းဝန်းထိုးကြိတ်ကန်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်ဟု ဖော်ပြထားသည်။ ပြည်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့ကိုလည်း ၎င်း၏ မိဘများမှ ရဲစခန်းသို့ လာရောက်ပို့အပ်ခဲ့သည်။
“အမှုကို ရုပ်သိမ်းလိုက်တာဟာ ခြိမ်းခြောက်မှုကြောင့်လား အဂတိလိုက်စားမှုကြောင့်လားဆိုတာ ကျနော် သံသယရှိတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
၎င်းတို့သည် အမှုကို ရုတ်သိမ်းရန် ဖျားယောင်းသွေးဆောင်ခံရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်း တစုံတရာမရှိကြောင်း အောင်ရဲထွေး၏ မိသားစုက တရားရုံးတွင် ထွက်ဆိုထားသည်။ သံသယရှိခံရသူများ၏ မိသားစုများက အောင်ရဲထွေးဆေးရုံတွင် ရှိနေစဉ် လာရောက်ကူညီဆောင်ရွက်ပေးခြင်း၊ လာရောက်တောင်းပန်ခြင်းများကြောင့် အမှုကို ကျေအေးလိုခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။
ရဲတပ်ဖွဲ့က ကန့်ကွက်ခဲ့
သေဆုံးသူ၏ မိသားစုက အမှုကို ကျေအေးရန် လျှောက်ထားပြီး မကြာမီ မတ်လအတွင်းမှာပင် ရဲတပ်ဖွဲ့က ထိုလျှောက်ထားမှုကို ကန့်ကွက်ခဲ့သည်။
“လူသတ်မှုနဲ့ မုဒိန်းမှုတွေလို အမှုကြီးတွေကို ရုတ်သိမ်း မရဘူးလို့ ယူဆလို့ ကန့်ကွက်ခဲ့တာပါ” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူး လှဝေ က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တရားသူကြီးအနေဖြင့် ထိုအမှုကို ထိတွေ့စစ်ဆေးခဲ့သည့်၊ မှတ်တမ်း ရယူ သက်သေခံများ စုစည်းတင်ပြပြီး အမှုတည်ဆောက်ခဲ့သည့် မူလ တရားစွဲ အဖွဲ့အစည်း ရဲတပ်ဖွဲ့၏ ကန့်ကွက်ချက်ကို အလေးထား သုံးသပ်သင့်ကြောင်း၊ သတ်ဖြတ်မှုကို တရားရုံးမတင်မီ စုံစမ်းစစ်ဆေး၊ အထောက်အထားရယူ၊ အမှုတည်ဆောက်ခဲ့သည့် ရဲတပ်ဖွဲက ကန့်ကွက်ခဲ့ခြင်းကို အလေးထား သင့်ကြောင်း ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
သို့သော် တရားသူကြီးသည် အမှုရုပ်သိမ်းခြင်းကို ကန့်ကွက်ထားသည့် အမှုစစ်ရဲအရာရှိကိုပင် ထွက်ဆိုရန် ဆင့်ခေါ်ခြင်းမရှိဘဲ အမှုကို ရုတ်သိမ်းခဲ့သည်။
တရားလိုပြ သက်သေများက မည်သည်ကိုမျှ ရှင်းရှင်းလင်းလင်း မမြင် မတွေ့ကြောင်း ထွက်ဆိုသည်များက ရှားပါးကြောင်း ဦးခင်မောင်မြင့်က ထောက်ပြသည်။ ထိုသို့ဖြစ်ရခြင်းမှာ အဂတိလိုက်စားမှု တခုခုကြောင့် ဆိုခြင်းလားဟု သံသယ ရှိပြီး တစုံတရာ လွတ်လပ်သော ထွက်ဆိုချက် မဟုတ်နိုင်ကြောင်း သူက ပြောသည်။
“တရားသူကြီးက သံသယဖြစ်ဖွယ်အချက်တွေကို ထောက်ပြ မေးထားတာ မရှိဘူး” ဟု ပြောပြီး စစ်ဆေးမှုသည် လျော့ရဲကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

သမ္မတ၏ ကြားဝင်ဆောင်ရွက်မှု
ရာဇဝတ်မှုများကို ကျေအေးခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့်ပါ သက်ဆိုင်သည်ကို သတိပြုရန် သမ္မတ ဦးဝင်းမြင့်က ဇူလိုင်လ ၂၉ ရက်နေ့ ရန်ကုန်၌ ကျင်းပသည့် အစည်းအဝေးတွင် ပြောပြီး နိုင်ငံတော်အနေဖြင့် ထိုသို့သော အမှုများကို ဆက်စစ်ဆေးနိုင်သည်ဟု ပြောသည်။
“အဲ့ဒီလိုသာ ဘယ်အမှုကြီးဖြစ်ဖြစ် ဘယ်လောက်ပြစ်ဒဏ် သတ်မှတ် သတ်မှတ် ပြည်သူချင်း ကျေအေးတယ်ဆိုပြီး လုပ်ရင် ဒါ တရားစီရင်ရေးကို လက်တလုံးခြား လုပ်တာ” ဟု သမ္မတက ထိုအစည်းအဝေးတွင် ပြောသည်။
ထို့နောက် သမ္မတသည် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌတို့နှင့် တွေ့ဆုံကာ အောင်ရဲထွေး သေဆုံးသည့်အမှုနှင့် ပတ်သက်ပြီး တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
အမှုကို ပြန်လည် သုံးသပ်
ထိုအမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် တရားစီရင်ရေးအပေါ် လူထုမှ ဝေဖန်သံများ မြင့်တက်လာပြီး သမ္မတ၏ ကြားဝင်ဆောင်ရွက်ချက်များကြောင့် အရှေ့ပိုင်းခရိုင် တရားရုံး၏ အမှု ရုတ်သိမ်းရန် အမိန့်ကို ပယ်ဖျက်ရန်နှင့် အမှုကို ဆက်စစ်ဆေးဖို့ တင်ပြရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ရန်ကုန်တိုင်း ဥပဒေချုပ်ထံ ညွှန်ကြားသည်။
ရုတ်သိမ်းမှုကို ခွင့်ပြုခဲ့သည့် ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးသည် ထိုနေ့မှာပင် တိုင်းတရားလွှတ်တော်သို့ တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ပြင်ဆင်ချက် တင်သွင်းခဲ့သည်။
အမှုကို ပြန်သုံးသပ်မည်ကို ကြိုဆိုကြောင်းနှင့် အမှုကို ပယ်ဖျက်ရန် တရားရုံး၏ ဆုံးဖြတ်ချက်သည် မှန်ကန်မှု မရှိကြောင်း ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
တဖက်တွင်လည်း တရားခံ ရှေ့နေ အပါအဝင် ရှေ့နေအချို့က တရားရုံး ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ကြပြီး ဥပဒေနှင့်ညီသည်ဟု ပြောကြသည်။
တရားခံရှေ့နေ ဦးချစ်ကိုကိုက တရားရုံး ဆုံးဖြတ်ချက်သည် မမှားကြောင်း ပြည်တွင်းသတင်းဌာန တခုဖြစ်သော News Watch ၏ ဗီဒီယိုတခုတွင် ပြောသည်။
“ခရိုင်တရားရုံးက ဥပဒေနဲ့အညီ အမိန့်ချလိုက်တာ။ ဥပဒေနဲ့ညီတယ်။ ခရိုင်တရားရုံးရဲ့ အမိန့်မမှားဘူး။ သူတို့ဟာ သူတို့ပြင်ဆင်မှု တက်မယ်။ တက်။ အန်ကယ်တို့လည်း သွားပြီးတော့ လျှောက်လဲချက် ပေးမှာပဲ” ဟု ဦးချစ်ကိုကိုက ပြောသည်။
ရန်ကုန်တိုင်း တရားလွှတ်တော်မှ အမှုပြင်ဆင်ချက် တင်သွင်းသည့်အပေါ် နှစ်ဖက်လျှောက်လဲချက်များကို ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် ကြားနာပြီးနောက် အမှု ရုတ်သိမ်းသည့်အမိန့်ကို ပယ်ဖျက် မပယ်ဖျက် ဆုံးဖြတ်မည်ဖြစ်သည်။
တရားမျှတမှု တောင်းဆိုခြင်း
“လူတယောက် အသတ်ခံရတယ်။ ဒါနဲ့ပတ်သက်ပြီ သံသယဖြစ်စရာ တခုတည်းရှိရင်တောင်မှ ဆက်လက် စုံစမ်း စစ်ဆေးရမယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
အမှုကို ရုတ်သိမ်းခွင့်ပြုသော တရားရုံး၏ ဆုံးဖြတ်ချက်တွင် ဖေါ်ပြထားသည့် အဓိက အချက်များအနက် တခုဖြစ်သည့် “သေလောက်သော ဦးခေါင်းဒဏ်ရာကို မည်သူက ပြုလုပ်သည်ကို ထင်ထင်ရှားရှား မပြသနိုင်ခြင်းကြောင့်” ဆိုသည့် အချက်သည် နောင်တွင် အုပ်စုလိုက် လူသတ်ခြင်းကို လမ်းကြောင်းပြသလို ဖြစ်နိုင်ကြောင်း ပြောသည်။
“ဒါ အင်မတန် အန္တရာယ်ကြီးပါတယ်” ဟု ဦးခင်မောင်မြင့်က ဆက်ပြောသည်။
အဂတိ လာဘ်စားမှုရှိသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ယိမ်းယိုင်နေသည့် တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်ရန် မျှော်လင့်ချက်တခုအဖြစ် သမ္မတ၏ ကြားဝင်ဆောင်ရွက်ချက်ကို ကြိုဆိုကြသည်။
သို့သော် အမှုကို ယခုပြီးဆုံးသွားသည့် နေရာမှ ပြန်လည် စတင်စစ်ဆေးလျှင် အမှန်တရားကို ဖေါ်ထုတ်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ရှေ့နေများက ထောက်ပြပြီး အမှုကို ပြန်တည်ဆောက်၍ စစ်ဆေးရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
အမှုကို ဆက်လက် စုံစမ်းစစ်ဆေးမည်ဆိုလျှင် အမှုဖြစ်ရပ် ဖြစ်ပွားစဉ်က အောင်ရဲထွေးနှင့် အတူရှိနေသည့် နောက်တိုးသက်သေများကို ခေါ်ယူရန် လိုအပ်လိမ့်မည်ဟု မြန်မာရှေ့နေများကွန်ရက်ကို ပူးတွဲတည်ထောင်သူ ဝါရင့်ရှေနေကြီး ဦးကြီးမြင့်က ပြောသည်။
ဦးသိန်းသန်းဦးကလည်း “ဒီအမှုက အများပြည်သူ လုံခြုံမှုနဲ့လည်း ဆိုင်ပြီး တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့ အမှုပဲ” ဟု ပြောသည်။
“[သမ္မတရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့တောင်မှ] အမှန်တရား မပေါ်လာမှာမျိုးကို အဖြစ်ခံလို့ မရဘူး။ မခိုင်လုံ ပြန်တည်ဆောက်ပေါ့။ တရားရုံးကနေ လိုအပ်တဲ့သက်သေတွေ ခေါ်ခွင့်ရှိတယ်” ဟု သူက ပြောသည်။
( San Yamin Aung ၏ Analysis: Why Was the Comedian’s Murder Case Dropped? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)