ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အစည်းအဝေးကို လာမည့်လတွင် ကျင်းပသွားနိုင်ရေး အစိုးရနှင့် တပ်မတော်ထံ စာပို့ တောင်းဆိုထားသော်လည်း တားမြစ်ခံနေရကြောင်း CSSU ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ဧရာဝတီသို့ ပြောသည်။
CSSU အစည်းအဝေးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်တွင် စက်တင်ဘာ ၃ ရက်မှ ၄ ရက်ထိ ကျင်းပသွားရန် တင်ပြထားချက်အပေါ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ နှုတ်ဖြင့် သြဂုတ်လ ၂၇ ရက်နေ့က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဦးစိုင်းအိုက်ပေါင်း က “အကြောင်းပြချက်တော့ မသိသေးဘူး၊ သူတို့က ဖုန်းဆက်လာတယ်။ ခွင့်မပြုဘူး။ စာကတော့ နောက်လာမယ်လို့ အဲလိုဆက်လာတယ်။ NRPC က ညွန်မှူးက ပြောတာ” ဟု ၎င်းက ပြောသည်။
NRPC ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။
CSSU အစည်းအဝေးကိုခွင့်မပြုရခြင်းနှင့် ပတ်သက်ပြီး NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ပုဂ္ဂိုလ်များကို ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်းမည် တာဝန်ယူ ဖြေကြားပေးခြင်းမရှိကြပါ။
CSSU အစည်းအဝေး တားမြစ်ခံရခြင်းသည် ယခုကပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၁၇ ခုနှစ် ဇူလိုင်လထဲတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ရန် ရာထားသော အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး စစ်သံမှူး က ကန့်ကွက်သဖြင့် ဖျက်သိမ်းခဲ့ရသည်။
ထိုကန့်ကွက်မှုတွင် “CSSU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေရန်ဆောင်ရွက်ခြင်း၊ အပစ်ရပ် လက်မှတ် မထိုးရသေးသော အဖွဲ့များပါဝင်နေခြင်း” ဆိုသည့် အကြောင်းပြချက်များနှင့် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း CSSU အဖွဲ့ဝင်များက ပြောသည်။
၂၀၁၆ ခုနှစ်ကလည်း ရန်ကုန်တွင်ပြုလုပ်ခဲ့သော CSSU အစည်းအဝေးကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က တားမြစ်ခဲ့သည်။
CSSU အဖွဲ့ခေါင်းဆောင်များ အနေဖြင့် ထိုကဲ့သို့ တားမြစ်မှုများ မဖြစ်စေရန်အတွက် ယခုအစည်းအဝေးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် အစိုးရထံသို့ စာတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း တားမြစ် ခံရသဖြင့် မလုပ်ဖြစ်တော့ ဟုဆိုသည်။
CSSU ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က “အခုခွင့်မပြုဘူးဆိုတော့ မလုပ်ရုံပေါ့၊ ဒါပေမယ့် စိတ်တော့ မကောင်းဘူး” ဟု ပြောသည်။
CSSU ကတော့ တောင်ကြီးမြို့တွင် ပြုလုပ်ရန် ရာထားသော အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို သုံးသပ်ခြင်း နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားကောင်းရန် မည်သို့ ကြိုးပမ်းဆောင်ရွက်ရန် စသည်တို့ကို အဓိကဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
ယခုကဲ့သို့ CSSU အစည်းအဝေးကို တားဆီးခြင်းသည် အာဏာရှင်စနစ် လုပ်ရပ်များဖြစ်နေကြောင်း၊ CSSU လုပ်ဆောင်နေမှုကို စုံစမ်းသင့်ကြောင်း၊ CSSU အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ တွဲဖက်အတွင်းရေးမှူး-၂ စိုင်းကျော်ညွန့် က ပြောသည်။
စိုင်းကျော်ညွန့် က “တကယ်တမ်းကျနော်တို့ CSSU က ပြည်ထောင်စုအကျိုးကို တည်ဆောက်နိုင်ရေးကို အထောက်အကူပြုဖို့ ဆိုပြီးတော့ လုပ်နေတာပါ။ ကျနော်တို့ CSSU ဘာလုပ်နေတယ်ဆိုတာကို မစုံစမ်း မမေးမြန်းဘူး။ သိချင်လည်း ကျနော်တို့ကို ဖိတ်ခေါ်ပြီးဆွေးနွေးလို့ ရပါတယ်” ဟု ဆိုသည်။
၎င်းက ဆက်၍ “ကျနော်တို့ ပြည်ထောင်စု တည်ဆောက်နေတဲ့အချိန်မှာ ဟိုအဖွဲ့အစည်းက ဟိုဟာမလုပ်နဲ့ ဒီအဖွဲ့အစည်း ကတော့ အစည်းအဝေးတောင် မလုပ်နဲ့ဆိုတာ ဘယ်လိုစေ့စပ် ညှိနှိုင်းကြမလဲဆိုတဲ့ မေးခွန်းက မေးစရာရှိလာတယ်” ဟု ပြောသည်။
CSSU ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ယခုနောက်ပိုင်းတွင်တော့ ပြည်တွင်း၊ ပြည်ပ တွင် ပြုလုပ်မည့် CSSU အစည်းအဝေးများကို NRPC ထံ ခွင့်ပြုချက် တောင်းရသည်။
CSSU တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ NCA မထိုးရသေးသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ Pyidaungsu Institute for Peace and Dialogue နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ပါဝင်သည်။
ဆက်စပ်ဖတ်ရှုရန် – မြန်မာစစ်သံမှူး ကန့်ကွက်၍ ရှမ်းနိုင်ငံရေး အစည်းအဝေး ဖျက်သိမ်းရ
ရှမ်းပြည် ညီညွတ်ရေး ကော်မတီ ညီလာခံ ပိတ်ပင်ခံရ