ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ဒုတိယအကြိမ် ချေးငွေ စီမံကိန်းကို ဘဏ် ၇ ခုသို့ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ရန်ကုန်တိုင်း ဒု တိုင်းမန်နေဂျာ ဒေါ်နီလာဝေက ပြောသည်။
အဆိုပါ ချေးငွေမှာ နှစ်ဆင့်ချေးငွေ (Two step loan) စီမံကိန်းဖြစ်ပြီး ကျပ် သန်း ၈ ထောင်အား လာမည့် ၂ လ အတွင်း အစိုးရ ဘဏ်မှ ပြည်တွင်း ဘဏ် ၇ ခုသို့ ထုတ်ပေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်နီလာဝေက “JICA က ချပေးတဲ့ Two step loan က အစိုးရဘဏ်ကို ပုဂ္ဂလိက ဘဏ်တွေက အရင်ဆုံး လျှောက် ရမယ်။ အခု ဘဏ်တွေက အဲဒီချေးငွေ အတွက် JICA မှာ လျှောက်နေပါပြီ။ ပုဂ္ဂလိက ဘဏ်တွေ လက်ထဲကို ရောက် သွားပြီးရင် Customer တွေက လျှောက်လို့ ရပါပြီ”ဟု ပြောပြသည်။
အဆိုပါ ချေးငွေ ကျပ်သန်း ၈ ထောင်အား ဘဏ် ၇ ခုကို ထုတ်ချေးပေးရာ၌ ဘဏ်တခုလျှင် ကျပ်သန်း တထောင်စီ ရရှိ မည် ဖြစ်ပြီး ကျန်သည့် သန်းတထောင်အား ပထမအကြိမ် JICA မှ ထုတ်ချေးပေးစဉ် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း များအား အလိုက်နာဆုံး ဘဏ်ကို ဆုအဖြစ် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းချေးငွေကို SME (အသေးစားနှင့် အလတ်စား) လုပ်ငန်းရှင်များအား ပြန်လည် ချေးပေးရန် ပုဂ္ဂလိက ဘဏ်များ ဖြစ် သည့် ဧရာဝတီ (AYA)၊ ကမ္ဘောဇ (KBZ)၊ မြန်မာနိုင်ငံသားများ ဘဏ် (MCB)၊ မြန်မာ့ ရှေ့ဆောင်(MOB)၊ သမဝါယမ(CB) ဘဏ် တို့နှင့် အသေးစားနှင့် အလတ်စား စက်မှု ဖွံ့ဖြိုး တိုးတက်ရေးဘဏ် (SMIDB)၊ မြန်မာ့ စီးပွားရေး ဘဏ် (MEB) စသည် တို့ကို စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း မြန်မာ့စီးပွားရေး ဘဏ်မှ ချေးပေးသွားမည် ဖြစ်သည်ဟု ဆို သည်။
ယခု ဒုတိယ အကြိမ်၌ အစိုးရပိုင် မြန်မာ့ စီးပွားရေးဘဏ် တိုးလာခဲ့ပြီး SME လုပ်ငန်းရှင်များကို ပထမဆုံး အကြိမ် တိုက် ရိုက် ငွေချေးပေးရမည် ဖြစ်ကာ ချင်းနှင့် ကယား ပြည်နယ်များကို အများဆုံး ထုတ်ပေးရန် JICA က စီစဉ် ထားကြောင်း ဒေါ်နီလာဝေ က ပြောသည်။
“ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေကို ဦးစားပေးရမယ့် အစီအစဉ်က JICA Loan ယူတဲ့ ဘဏ်တွေ အားလုံးအတွက်ပါ။ ဘဏ် ၇ ခုလုံးကတော့ JICA က ထုတ်ပြန်ထားတဲ့ မူဝါဒအရ အမှတ်ပေး စည်းမျဉ်းအရ ချင်း၊ ကယားကို ပိုချေးနိုင်တယ် ဆိုလို့ရှိရင် အမှတ်အမြင့်ဆုံး ပေးထားတယ်။ ချင်း၊ ကယား ဆိုလို့ရှိရင် ဘယ်လုပ်ငန်းမဆို ပါတယ်လို့ ပေးထားတယ်”ဟု လည်း ၎င်းက ရှင်းပြသည်။
ယခု ချေးငွေကို အပေါင်ပစ္စည်းဖြင့် အများဆုံး ကျပ်သိန်း ၃ ထောင်နှင့် အပေါင် ပစ္စည်းမပါသည့် CGI (Credit Guarantee Insurance) စနစ်ဖြင့် အများဆုံး သိန်း ၂၀၀ အထိ ချေးယူနိုင်မည်ဖြစ်ပြီး ယခင်က CGI စနစ်ဖြင့် CB ဘဏ်တခု တည်း ကသာ ထုတ်ချေးပေးခဲ့ပြီး ယခု အကြိမ်တွင် ဘဏ် ၇ ခုလုံးတွင် အပေါင်ပစ္စည်းမပါဘဲ ချေးယူနိုင်ကြောင်း သိရသည်။
ချေးငွေများ၏ အတိုးနှုန်းများမှာ JICA မှ မြန်မာအစိုးရထံသို့ ဝ.၀၁ ရာခိုင်နှုန်း ဖြစ်ပြီး အစိုးရမှ ပုဂ္ဂလိက ဘဏ်များသို့ ၄ ရာ ခိုင်နှုန်းနှင့် ပုဂ္ဂလိကဘဏ်များမှ SME လုပ်ငန်းရှင်များသို့ ၈.၅ ရာခိုင်နှုန်းတို့ဖြင့် အဆင့်ဆင့် အတိုးနှုန်းများ သတ်မှတ်ထား သည်ဟု ဆိုသည်။
JICA Two Step Loan ပထမ ကြိမ်တွင် ဘဏ် ၆ ခုမှ SME လုပ်ငန်းရှင်များအား ငွေချေးခွင့် ရခဲ့သည်။
JICA Two Step Loan ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် SMIDB ဘဏ်မှတဆင့် လုပ်ငန်းရှင် ၁၁ ဦးကို ကျပ် ၄၈၀၈ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ဘဏ် ၆ ဘဏ်မှ တဆင့် SME လုပ်ငန်းရှင် ၁၇၅ ဦးကို ကျပ် ၃၆၇၅၀ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ဘဏ် ၆ ခုမှတဆင့် ကျပ် ၁၆၀၇၆ သန်း ထုတ်ချေးထားခဲ့ပြီး ဖြစ်သည်။
ပထမ အကြိမ် JICA Two Step Loan ချေးယူဖူးသော လုပ်ငန်းရှင် တချို့က ယင်း ချေးငွေထုတ်ယူရာတွင် ဘဏ်များ ဘက်မှ တောင်းဆိုသည့် အထောက်အထားများမှာ များပြားနေသောကြောင့် ချေးငွေ ရရှိရန် အခက်အခဲများ ကြုံတွေ့ နေရ ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် SME လုပ်ငန်းများအား တရားဝင် မှတ်ပုံတင်ထားသူ ၆၇၀၀၀ ကျော်ရှိပြီး မှတ်ပုံ မတင်ထားသူ အများ အပြား ကျန်ရှိနေဆဲ ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ SME လုပ်ငန်းများ ဖြစ်ကာ အများ စုမှာ ငွေကြေး အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိမှု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီက သိရသည်။