တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook စာမျက်နှာ အပါအဝင် တပ်မတော် ဆိုင်ရာ အကောင့် များ ပိတ်ပင်ခံရမှု အပေါ် အစိုးရ၏ တုံ့ပြန်ချက်မှာ ထိရောက်မှုရှိရန် လိုကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောသည်။
သြဂုတ်၂၈ ရက် က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်၌ ယင်းသို့ ပြောဆိုကြခြင်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသောင်းအေး က “အခု ပိတ်လိုက်တာ တဖက်သတ် သိပ်ဆန်လွန်း အားကြီးတယ်။ နိုင်ငံသား တယောက် အနေနဲ့ ကြည့် မယ်ဆိုရင်လည်း တို့ တိုင်းပြည်ကို စော်ကားလိုက်သလိုပဲ။ တပ်မတော်ကို စော်ကားတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်။ နိုင်ငံတော်ရဲ့ အချုပ် အခြာ အာဏာကို စော်ကားလိုက်တာပဲ” ဟု ဆိုသည်။
Facebook ၏ သတင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြား အပါအဝင် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်း ၂၀ တို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ၊ မြန်မာ နိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ဖော်ခဲ့၍ ပိတ်ပင်ရခြင်းဟု ပြောဆိုထားသည်။
ထိုသို့ အကောင့်များ ပိတ်ပင်ခံရမှု အပေါ် လွှတ်တော်တွင် အရေးကြီး အဆိုတင်ရန် မဆုံးဖြတ်ရသေးကြောင်း၊ အစိုးရ အနေဖြင့် တပ်မတော်နှင့် လက်တွဲ၍ နိုင်ငံတကာ မျက်နှာစာတွင် ခိုင်ခိုင်မာမာ ရပ်တည်ကာ ပြန်လည် တုံ့ပြန်ရန် လိုအပ် ကြောင်း ဦသောင်းအေး က သုံးသပ် ပြောဆိုသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထိုလူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် Facebook ပေါ်မှ စာမျက် နှာ ၆ ခုနှင့် အကောင့် ၆ ခု၊ အင်စတာဂရမ်မှ အကောင့်တခုတို့ ဖယ်ရှားခံခဲ့ရသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook စာမျက်နှာများ အပိတ်ခံရမှုမှာ Facebook မှ ထုတ်ပြန်ထားသည့် အတိုင်း ဖြစ် ကြောင်း၊ အစိုးရ၏ Input (လုပ် ဆောင်ချက်) တစုံတရာ လုံးဝ မပါကြောင်းကိုသတင်းထောက်များကို ပြောကြားထား သည်။
တပ်ချုပ် အပါအဝင် တပ်မတော်အရာရှိ အချို့ တရားစွဲဆိုရန် ကုလသမဂ္ဂအား တိုက်တွန်းမှုအပေါ် ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တပ်မတော်အား ၎င်းတို့ စွပ်စွဲထားသည့် အတိုင်း ကျူးလွန်သည့် သက်သေ အထောက် အထားများကို တင်ပြလာပြီး မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အရေးမယူခဲ့ပါက ကုလသမဂ္ဂ အနေဖြင့် ထိရောက်စွာ အရေးယူနိုင်ခွင့် ရှိကြောင်း ဆိုသည်။
“နိုင်ငံတကာက ဒီလို ဖိအားမျိုးတွေ ပေးလာတာကိုတော့ ကျမတို့က ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး ဆိုတာကို ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
တပ်မတော်ကို ဖိအားပေးခြင်းမျိုးကို လက်မခံဘဲ အစိုးရ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ချက် ထုတ်ရန် လို အပ်ပြီး တိုင်း ပြည်တခု သာယာဝပြော တိုးတက်စေချင်ပါက တပ်မတော်၊ ပြည်သူတို့နှင့်လည်း ပူးပေါင်းရန် လိုအပ် ကြောင်း ဒေါ်ခင်စောဝေက ထောက်ပြ ပြောဆိုသည်။
“အဲဒီ အတွက်ကြောင့် တပ်မတော် အပေါ်မှာ အခုအချိန်မှာ ဖြစ်ပျက်နေတဲ့ဟာတွေကို အစိုးရတရပ် အနေနဲ့ လျစ်လျူ မရှု သင့်ပါဘူး။ ရင်ကြားစေ့ရေး ဒီထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်၊၊
ဦဇော်ဌေးက တပ်မတော် အကောင့်များ ပြန်လည်ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည်ကို Facebook သို့ဆက် သွယ် မေးမြန်း ထားကြောင်း၊ အကောင့် အသစ် ဖွင့်လှစ်ပါကလည်း ထပ်မံ၍ ဖြုတ်ချ ခံရမှုရှိ၊ မရှိတို့ကို သမ္မတရုံးက Facebook နှင့်ဆက်လက် ဆွေး နွေးနေကြောင်း၊ ယင်းအကောင့်များ ပိတ်ပစ်ရန် Facebook က အစိုးရနှင့် တိုင်ပင်မှု မရှိခဲ့ကြောင်းကို ပြောဆိုထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အရာရှိကြီးများကို တရားစွဲဆိုရန် ကုလသမဂ္ဂကို လွတ်လပ်သော နိုင်ငံတကာ အချက်လက် ရှာဖွေရေး မစ်ရှင်က အစီရင်ခံစာ တင်သွင်းခဲ့ကာ တောင်းဆိုထားခြင်း ဖြစ်သည်။
အစီရင်ခံစာ တင်သွင်းခဲ့သော မစ်ရှင်အဖွဲ့ကို မြန်မာ အစိုးရအနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်ခွင့် မပေးဘဲ အသိမှတ် မပြုထားသော အဖွဲ့တခု ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ သတင်း ထုတ်ပြန်ခြင်း မပြုသေးသလို သဘောထား မှတ်ချက်တို့ ကိုလည်း ထုတ်ဖော် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။