ပဲခူးတိုင်း၊ တောင်ငူခရိုင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျရာမှ ရေကြီးမှုဖြစ်ပြီး ခရီးသည်များ ဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ပြည်သူများ အမြန်ဆုံးကူးသန်းနိုင်ရေးအတွက် ဆောင်ရွက်ရန် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က ညွန်ကြားထားကြောင်း သိရသည်။
ရေလှောင်တမံ ရေပိုလွှဲပဲ့ကျရာမှ ရေကြီးမှုကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ်မှ ဆွာတံတား နိမ့်ကျမှုဖြစ်ခဲ့သော နေရာကို ယနေ့ မနက်ပိုင်းက ဒုသမ္မတ နှင့် တပ်ချုပ်တို့ ရောက်ရှိလာခဲ့ကြပြီး ယင်းသို့ ညွှန်ကြားသွားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ဧရာဝတီသို့ ပြောသည်။
ဒုဝန်ကြီး ဦးကျော်လင်းက “မနက်ကတုန်းကတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရယ်ရယ်က ရဟတ်ယာဉ်နဲ့ ဒီနေရာ (ဆွာချောင်းတံတား) ကို ချက်ချင်းဆင်းပြီးတော့ လာကြည့်ပြီးတော့ သူတို့မှာကြားသွားတာကတော့ ပြည်သူတွေကို အမြန်ဆုံး ပေးဖြတ်လို့ရအောင်လုပ်ပါ။ လမ်းပန်းဆက်သွယ်ရေးကို ချက်ချင်း ချောမွေ့သွားအောင် ဆောင်ရွက်ပါ။ အန္တရာယ်ကင်းအောင် ဆောင်ရွက်ပါ ဆိုပြီး မှာကြားသွားပါတယ်” ဟု ပြောသည်။
ဆွာချောင်းတံတားအနီးမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ လွှတ်ပေးထားသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဘက်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်နေကြကြောင်း သိရသည်။
ဆွာချောင်းရေလျံကျမှုကြောင့် မနက် ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၅နှင့် ၁၆၆ ကြား၌ လမ်းပေါ်ရေ ၂ ပေခန့် ကျော်ခဲ့ပြီး လမ်းဟောင်းဘက်မိုင်တိုင် ၁၉၉ အနီးတွင်လည်း လမ်းပေါ်သို့ ရေ ၄ ပေခန့် ကျော်ခဲ့ကာ လမ်းများ ခေတ္တပိတ်ထားခဲ့ရသည်။
ချောင်းရေစီးပြင်းထန်းမှုကြောင့် အမြန်လမ်းရှိ ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင် RP 5 နှင့် RP 7 တို့ တပေခွဲခန့် နိမ့်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ဖြတ်သန်းမှုများ ခေတ္တပိတ်ထားခဲ့သော်လည်း မနက် ၁၁ နာရီခန့်တွင် နိမ့်ကျမှုမရှိခဲ့သည့် တံတားဘက်ခြမ်းအား ယာဉ်ငယ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက “၁၀ နာရီခွဲလောက်မှာ ရေက ၁၄ ပေလောက်ပြန်ကျသွားပါ တယ်။ ကားငယ်လေးတွေကို ဘာမှမဖြစ်တဲ့ တံတားဘက်က ပေးဖြတ်နေပါတယ်။ နိမ့်သွားတဲ့ တံတားကိုလည်း ညတွင်းပြန်လုပ်ပါမယ်။ လောလောဆယ် ဘတ်စ်ကားတွေကို ပေးဖြတ်ဖို့ကတော့ စောင့်ကြည့်ရပါမယ်” ဟုပြောသည်။
လက်ရှိပြင်းထန်သည့် ရေစီးနှုန်းအရှိန်အရ တံတားအောက်ခြေတွင် လှိုက်စားသွားသည့် ဂလိုင်ချောက်များ၏ အခြေအနေ များအား ရေငုပ်သမားများနှင့် စစ်ဆေးရမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်ပါကလည်း ကျောက်များချကာ ၂၄ နာရီအတွင်း ကားများဖြတ်သန်းနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဦးကျော်လင်း က ဆိုသည်။
ဒေသတွင်းအုပ်ချုပ်ရေး ဌာနများမှ ယနေ့မနက် ၁၀ နာရီခန့်က ပေးပို့ထားသည့် စာရင်းများအရ ရေတာရှည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၄ စုမှ အိမ်ထောင်စု ၁၂၄၂၁ စုတွင် လူဦးရေ ၅၄၂၀၁ ဦး ရေနစ်မြှုပ်မှုခံနေရကြောင်း မနက် ၁၁ နာရီခွဲခန့်တွင် ပဲခူးတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ချမ်းငြိမ်းသူ ကပြောသည်။
ဒေါ်ချမ်းငြိမ်းသူ က “ကယ်ဆယ်ရေးတွေက ဆက်လုပ်နေရတုန်းပဲ။ တချို့ကျန်နေသေးတဲ့လူတွေလည်း ရှိသေးတယ်။ သေဆုံးမှုတွေ ရှိမရှိကတော့ ကျမတို့လည်း မသိရသေးဘူး” ဟု ဧရာဝတီသိုပြောသည်။
ရေတာရှည်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စုမှ ကိုခင်မောင်ဝင်းက “မနက်လေးနာရီလောက်က တမံကျိုးပြီး ရေတွေကျလာတာ။ တခါမှ မကြုံဖူးဘူး။ တမံက အစောင့်က ဖုန်းဆက်ပြောလို့ သိရတာ။ အသေအပျောက်တော့ မရှိဘူး။ ကျွဲတွေနွားတွေတော့ ပါသွားတယ် ပြောတယ်” ဟု ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရလည်း ရေတာရှည်မြို့နယ်အတွင်း သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာရှိ အိမ်ခြေ (၁၈၀)၊ လှည်းကူးကျေးရွာရှိ အိမ်ခြေ(၁၃၀)၊ သမားဆည် ကျေးရွာရှိ အိမ်ခြေ(၅၀)၊ (၇)အိမ်တဲစုရှိ အိမ်ခြေ(၁၅)အိမ်တို့ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး တုန်းကြီးကျေးရွာ၊ ဥယျာဉ်မှူး ကျေးရွာ၊ သိုင်းဝကျေးရွာနှင့် ကွင်းကြီးကျေးရွာ အုပ်စုရှိ အမတ်ကြီးခုံကျေးရွာ တို့တွင် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့ပေါ် နေထိုင်သူ တဦးက “ရေက မြို့ထဲဘက်ကိုတော့ မရောက်သေးဘူး။ မြို့မြောက်ဘက်အထွက် ညောင်ပင်ကိုင်းရွာဘက်မှာတော့ ရွာမြှုပ်နေပြီကြားတယ်” ဟု ဧရာဝတီသို့ပြောသည်။
ဆွာချောင်းတမံ ပဲ့ကျမှုကြောင့် ချောင်းရေမြင့်တက်လျက်ရှိရာတွင် စစ်တောင်းမြစ်ကမ်းဘေးတွင် နေထိုင်သည့် ကျေးရွာများ အနေနှင့် အထူးသတိပြုနေထိုင်ကြရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။