လတ်တလော ကော့ဗဇားတွင် ခိုလှုံနေသော ရိုဟင်ဂျာခေါ် ဘင်္ဂလီ ဒုက္ခသည် ၁ သန်းအနက် တချို့ကို ဘင်္ဂလား ပင်လယ်အော်ရှိ ရေလွှမ်းမိုးမှု အန္တရာယ် ကျရောက်နိုင်ခြေရှိသော ကျွန်းတကျွန်းတွင် ပြန်လည် နေရာချထားမည့် အစီအစဉ်၏ လက်တွေ့ ဖြစ်နိုင်ခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကုလသမဂ္ဂက ကူညီအကဲဖြတ်ပေးနေကြောင်း အစိုးရ အရာရှိ တဦးက ပြောသည်။
မကြာသေးမီက စစ်တမ်းတခုအရ ဒုက္ခသည်အများစုသည် ထိုကျွန်းသို့ ရွှေ့ပြောင်းလိုခြင်း မရှိကြောင်း သိရသည်။
ဘာဆန်ချားကျွန်းသို့ ဒုက္ခသည်များကို ရွှေ့ပြောင်းရန် သင့်တော်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဝန်ကြီးချုပ်ရုံးသည် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန တွဲဘက်ဝန်ကြီး မိုဟာမက် မိုဆင် ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီကို ယခုနှစ် အစောပိုင်းက ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီတွင် အစိုးရနှင့် ကုလသမဂ္ဂမှ ငါးဦးစီပါဝင်ပြီး ပထမဆုံး အစည်းအဝေးကို ဇွန်လတွင် ကျင်းပခဲ့သည်။
“ပူးတွဲကော်မတီက အဲဒီကျွန်းကို သွားစစ်ပြီး လူနေလို့ရမရ အစိုးရကို အစီရင်ခံမှာ ဖြစ်တယ်” ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝန်ကြီးဌာန၏ ဒုက္ခသည်ရေးရာ အကြီးအကဲ မိုဟာမက် ဟာဘီဘူလ် ကဘာ ချောင်ဒရီက ဧရာဝတီ သတင်းဌာနသို့ လွန်ခဲ့သော တပတ်ကပြောသည်။
ဥက္ကဋ္ဌသည် ပြည်ပခရီး သွားရောက်နေသောကြောင့် ကော်မတီအဖွဲ့ဝင် စုံညီသော ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပနိုင်ခြင်း မရှိသေးပေ။
သို့သော် တချို့ ဘင်္ဂလားဒေ့ရှ် အရာရှိများသည် တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန်အတွက် ဝန်ကြီးချုပ်၏ အတွင်းဝန်ချုပ် နိုဂျီဘာ ရာမန်နှင့် သြဂုတ်လ ၈ ရက်နေ့က သီးခြားဆွေးနွေးခဲ့သည်။
ပြန်လည်နေရာချထားခြင်း မတိုင်မီ ထိုကျွန်းရှိ စခန်း၏ ဆိုင်ကလုန်းဒဏ် ခံနိုင်ရည် ကောင်းမွန်စေရန် ပြင်ဆင်ထားသည့် အခြေအနေများကို ပြသရန် ဒုက္ခသည်များ၊ သတင်းသမားများနှင့် တခြားသူများကို ထိုကျွန်းသို့ လေ့လာရေး ခေါ်ယူ သွားမည် ဖြစ်ကြောင်း နိုဂျီဘာ ရာမန်နှင့် အစည်းအဝေးကို တက်ရောက်ခဲ့သော ဟာဘီဘူလ် ကဘာက ပြောသည်။
“ရိုဟင်ဂျာတွေကို ဘာဆန်ချားကျွန်းမှာ ပြန်လည်နေရာချထားမယ့် အစိုးရရဲ့ အစီအစဉ်မှာ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အခန်းကဏ္ဍကို သဘောတူထားတာ ဘာမှမရှိဘူး။ လုံခြုံရေး၊ ဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ရေးနဲ့ ရေရှည် တည်မြဲရေး အတွက် နည်းပညာအဆင့်လောက်မှာ အစိုးရနဲ့ ကျမတို့ ဆွေးနွေးနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ် မီယာ ဆက်ပို က ပြောသည်။
ယမန်နှစ် နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ် ရေတပ်သည် ဘာဆန်ချားကျွန်းတွင် ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး စခန်း တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူခဲ့သည်။
ထိုစခန်းသစ်ကို မုန်တိုင်းဖြင့် လက်တွေ့စမ်းသပ်ရခြင်း မရှိသေးကြောင်း ကော့ဗဇား ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည် ပို့ဆောင်ရေး ကော်မရှင်မှ ဝါရင့်အရာရှိတဦးက ပြောသည်။
“ဘယ်အတိုင်းအတာအထိ လူနေလို့ရတယ်ဆိုတာ ကျွန်းကို မုန်တိုင်းတိုက်ပြီးတဲ့အထိ စောင့်ကြည့်ရမယ်” ဟု သူက ဆိုသည်။
“လူနေလို့ ရမရ သိရအောင်လို့ ရိုဟင်ဂျာ ခေါင်းဆောင်တွေကို ကျွန်းကိုခေါ်သွားမှာပါ” ဟုလည်း မီဒီယာသို့ ပြောရန် တာဝန်မရှိသောကြောင့် အမည်မဖော်လိုသော ထိုအရာရှိက ပြောသည်။
ဒုက္ခသည်များ ဘာဆန်ချားကျွန်းသို့ သွားရောက်လိုခြင်း ရှိမရှိ စစ်တမ်း၏ ရလဒ်နှင့် ပတ်သက်သော ဝန်ကြီးချုပ်ရုံးသို့ တင်သွင်းမည့် အစီရင်ခံစာ တစောင်ကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က ယခုနှစ် ဇွန်လနှောင်းပိုင်းတွင် ပြုစုခဲ့သည်။
“ဘာဆန်ချားသို့ ပြောင်းလိုသော ဒုက္ခသည်မှာ ၁၃ ရာခိုင်နှုန်းသာရှိပြီး ကျန် ၈၇ ရာခိုင်နှုန်းမှာ ကော့ဗဇားခရိုင်ရှိ ယူခီယာနှင့် တက်နက်တို့တွင်သာ နေထိုင်လိုကြသည်” ဟု ထို အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုက္ခသည်များ ထိုကျွန်းသို့ ပြောင်းရွှေ့လိုခြင်း မရှိရသည့် အကြောင်းရင်း ၁၀ ခုရှိကြောင်း ဧရာဝတီ သတင်းဌာနက ဖတ်ရှုခဲ့ရသည့် ထိုအစီရင်ခံစာအရ သိရသည်။ ထိုအကြောင်းရင်းများတွင် စခန်း၏ တည်နေရာလည်းပါဝင်ပြီး ဆေးဝါးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ရရှိနိုင်ခြေကို အကန့်အသတ်ဖြစ်စေသကဲ့သို့ ဆွေမျိုးများနှင့် ခွဲခွာရမည်ကို စိုးရိမ်ခြင်းဖြစ်သည်။
“ရိုဟင်ဂျာ အများအပြားသည် ငါးဖမ်းခြင်း၊ ဂဏန်းကောက်ခြင်းတို့ဖြင့် အသက်မွေးကြသည်။ ကျွန်းသို့ ပြောင်းသွားသောအခါ အလားတူ အခွင့်အလမ်းများ မရရှိတော့မည်ကို ၎င်းတို့ စိုးရိမ်ကြသည်” ဟု အစီရင်ခံစာက ဖော်ပြသည်။
ယူခီယာနှင့် တက်နက်မှ ဒုက္ခသည် အများအပြားသည်လည်း ကုလသမဂ္ဂ အေဂျင်စီ အများအပြားမှ တဆင့် အလုပ်အကိုင်များ ရှိနေကြပြီး ဘာဆန်ချား ကျွန်းတွင် ထိုသို့သော အခွင့်အရေးများ ရရှိမည် မဟုတ်ကြောင်းလည်း ထိုအစီရင် ခံစာကဆိုသည်။
“အဆောက်အဦတိုင်းမှာ ဆိုင်ကလုန်း တိမ်းရှောင်ဖို့ နေရာတွေ ထည့်သွင်း တည်ဆောက်ထားတယ်” ဟု ဟာဘီဘူလ်ကဘာက ပြောသည်။
“သူတို့ကို ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေပေးမှာ ဖြစ်ပြီး အထူးသဖြင့် တရားဥပဒေ အကာအကွယ်လည်း ရမှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
သို့သော် ဒုက္ခသည်အများစုသည် ရွှေ့ပြောင်းခြင်းကို မလိုလားကြောင်း ယူခီယာရှိ ဒုက္ခသည်စခန်းများ၏ အကြီးအကဲ မိုဟာမက် အလီကပြောသည်။
“ကျနော်တို့ အများစုက ဆိုင်ကလုန်းနဲ့ တခြား အန္တရာယ်ကို စဉ်းစားပြီး ကျွန်းကို မပြောင်းချင်ကြဘူး။ ကျနော်တို့က ကျနော်တို့နိုင်ငံကို ဂုဏ်သိက္ခာရှိရှိ၊ နိုင်ငံသားဖြစ်ခွင့်နဲ့အတူ ပြန်ရတာကိုပဲ ပိုကြိုက်တယ်” ဟု သူက ဆက်ပြောသည်။
နေရပ်ပြန်ပို့ရေးကို ရွှေ့ပြောင်းနေရာချထားရေးနှင့် တတိယနိုင်ငံများတွင် အခြေချစေခြင်းတို့ထက် ဦးစားပေး ဆောင်ရွက် နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ပြောဆိုကြသည်။
ကျွန်း၏ အခြေအနေကို သိရှိရန် ပြည်ထဲရေးဝန်ကြီး အဆာဒတ်ဇမန် ခန် ကမဲ သည် ထိပ်တန်းလုံခြုံရေး အရာရှိများနှင့် အတူ ယမန်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့က သွားရောက်ခဲ့သည်။
သူ၏ ဝန်ကြီးဌာနသည် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ချိန်အထိ ဘာဆန်ချား ကျွန်းသို့ ရွှေ့ပြောင်း ပေးရန် စဉ်းစားနေကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီး မိုဖက်ဇယ် ဟိုစိန် ချောင်ဒရီ မာယာက စက်တင်ဘာလ ၁၀ ရက်နေ့က ပြောခဲ့သည်။
ကော့ဗဇားသို့ ထပ်မံဝင်ရောက်လာသော ဒုက္ခသည်များကို နေရာပေးရန်အတွက် အာဏာပိုင်များသည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ထိုကျွန်းသို့ ရွှေ့ပြောင်းပေးရန် စတင် အဆိုပြုခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်ဆင်ရေးများကြောင့် နောက်ထပ် ဒုက္ခသည် ၇၀၀၀၀၀ ထပ်မံ ရောက်ရှိလာပြီး ကော့ဗဇားတွင် စုစုပေါင်း ဒုက္ခသည် ၁ သန်းအထိ ရှိလာသောကြောင့် ကူညီနေရာချထားပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂကို အကူအညီတောင်းခဲ့ရသည်။
ဘာဆန်ချားသည် မဂနာမြစ်ဝတွင် တည်ရှိပြီး အနီးဆုံး လူနေထိုင်သော ကျွန်းဖြစ်သည့် ဆန်းဝစ်ကျွန်းမှ ၁ နာရီ ခရီးကွာဝေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး ကျွန်းဖြစ်သော ဟတီရာကျွန်းမှ နှစ်နာရီ ခရီးအကွာတွင်ရှိသည်။
“အခုလောလောဆယ်တော့ ကျွန်းကို ဘယ်သူ့ကိုမှ လည်ပတ်ခွင့်မပေးသေးဘူး။ ရိုဟင်ဂျာတွေအတွက် အဆင်သင့် ဖြစ်တာနဲ့ တရားဝင် ခရီးစဉ်တွေ လုပ်ပေးမယ်” ဟု ဟာဘီဘူလ် ကဘာက ပြောသည်။
(ဧရာဝတီ သတင်းထောက် Muktadir Rashid ကော့ဘဇားမှ ရေးသားပေးပို့သည့် UN Helping Assess Island Relocation Plan for Rohingya Refugees ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – မပြီးဆုံးနိုင်သေးသော ရခိုင်ပြည် မြောက်ပိုင်းပြဿနာ