သတင်း

သုဓမ္မာဇရပ်ကို တိုက်သည့် ယာဉ်မောင်းအား ရှေးဟောင်း သုတေသန အမှုမဖွင့်

မန္တလေး တောင်ခြေရှိ သုဓမ္မာဇရပ် အဆောင် တခုအား ဝင်တိုက်ခဲ့သော ယာဉ်မောင်းကို အမှုမဖွင့်တော့ကြောင်း ရှေးဟောင်း သုတေသန ဌာန (ရှေး/သု) တာဝန်ရှိသူ တဦးက ပြောသည်။

“ရှေးဟောင်းပစ္စည်းကို တမင် ဖျက်ဆီးတာ မဟုတ်ဘဲ မတော်တဆ ဖြစ်တာကြောင့် အမှု မဖွင့်တော့တာပါ။ ပြီးတော့ ပြုတ်သွားတဲ့ တိုင်လုံးနဲ့ ပျက်စီးသွားတဲ့ဟာတွေကို သူတို့စရိတ်နဲ့ အကုန်ကျခံ ပြန်ပြင်ပေးပါတယ်”ဟု ရှေး/သု အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး) မှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးအေးလွင်က ဧရာဝတီ ကို ပြောပြသည်။

သြဂုတ်လ ၂၇ ရက် ည ၁၀ နာရီခန့်က ၆၆ လမ်း တောင်ဘက်ကျုံး အတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာသော Mark X အမျိုးအစား ယာဉ်သည် ၁၂ လမ်းနှင့် ၆၆ လမ်းဆုံ အရောက်တွင် မြောက်ကျုံး ၁၂ လမ်း ဘက်သို့ ချိုးကွေ့ မောင်းနှင်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းမြောက်ဘက်ခြမ်းရှိ သုဓမ္မာဇရပ် အဆောင် ၂ အား ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ ယာဉ်တိုက်မှု မှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သုဓမ္မာဇရပ်၏ တိုင် ၁ တိုင်နှင့် ဇာတ်တော် အကြောင်း ရေးသားထားသည့် ဆိုင်းဘုတ် တခု ပြုတ်ထွက် ပျက်စီးသွားသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အပါအဝင် တစုံတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိကြောင်း၊ ယာဉ်မောင်းသည် အသက် ၁၈ နှစ် အရွယ် လူငယ် အမျိုးသားဖြစ်ပြီး အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ရှေးဟောင်း သုတေသန ဌာနက အမှု မဖွင့်သော်လည်း ယာဉ်ထိန်း ရဲတပ်ဖွဲ့က ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် တရားစွဲမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း ယာဉ်ထိန်း ရဲမှူးကြီး ကံသိန်းက “ယာဉ်မောင်းကို မော်တော်ယာဉ် ဥပဒေ အရ ယာဉ် မဆင်မခြင် မောင်းနှင်မှုနဲ့ တရားစွဲဖို့ လုပ်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ယာဉ်မဆင်မခြင် မောင်းနှင်ပါက၂၀၁၅ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၅၈(က)ဖြင့် အရေးယူနိုင်ပြီး ယင်းပုဒ်မ အရ တလ ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေကျပ် ၅ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သုဓမ္မာဇရပ်တန်း အနီး ဖွင့်လှစ်ထားသော အအေးဆိုင် ပိုင်ရှင် မဇင်မာဌေးက “ကားနှစ်စီးက လမ်းဆုံကနေ ဒီဘက်ကို အရှိန်နဲ့ ကွေ့လာရင်း အရှိန်မထိန်းနိုင်ဘဲ ဇရပ်ကို ဝင်တိုက်သွားတာ။ တိုက်လိုက်တဲ့ အရှိန်က အတော်ပြင်းတယ်။ မြေကြီး တောင် တုန်တယ်။ ကားရှေ့ပိုင်းဆို ရစရာကို မရှိဘူး။ ပိန်သွားတာ။ မောင်းတဲ့ ကောင်လေး မသေတာ ကံ ကောင်းတယ်”ဟု ဧရာဝတီကို ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပြီးနောက် သြဂုတ် ၂၈ ရက်၌ ယာဉ်တိုက်ခံရ၍ ပြုတ်ထွက်သွားသော ဇရပ်တိုင်လုံးနှင့် ဆိုင်းဘုတ် အား ယာဉ်တိုက်မှု ကျုးလွန်ခဲ့သူ မိသားစုက ပြန်လည် တပ်ဆင်ပေးပြီး ဖြစ်ကြောင်း ရှေး/သု ဌာန က သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ကလည်း မြောက်ကျုံး ၁၂ လမ်း အတိုင်း မောင်းလာသည့် ကျောက်သယ်ယာဉ် တစီး သည် ရှေ့ညာဘက် ဘီးတာယာ ကွဲထွက်ကာ အရှိန်မထိန်းနိုင်ဘဲ သုဓမ္မာဇရပ်တန်းအား ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ယာဉ်မှုစစ်ဌာန၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

မန္တလေးတောင်ခြေ ၁၂ လမ်းတွင် တည်ရှိသည့် သုဓမ္မာဇရပ်တန်းသည် မန္တလေးမြို့တည် မင်းတုန်းမင်းက ခရစ်နှစ် ၁၈၆၄ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

မူလ ဆောက်လုပ်စဉ်က ဇရပ်အဆောင် ၃၃ ခု ရှိရာ ရာသီဥတုနှင့် သဘာဝ ဘေးဒဏ်များကြောင့် ယနေ့တွင် ဇရပ် ၁၉ ဆောင်သာ ကျန်ရစ်ပြီး သက်တမ်း အားဖြင့် နှစ်ပေါင်း ၁၅၀ ကျော် ရှိသည့် ရှေးဟောင်း သမိုင်းဝင် အဆောက် အအုံ တခု ဖြစ်ကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာန၏ မှတ်တမ်းများ အရ သိရ သည်။

Loading