ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ပူးပေါင်းတပ်ဖွဲ့များနှင့် တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နမ္မတူမြို့နယ်အတွင်း မန်ပုံကျေးရွာ နှင့် နားဟုတ် ကျေးရွာကြားတွင် သြဂုတ် ၂၈ ရက် နံနက်က စစ်ရေးပူးတွဲ လှုပ်ရှားနေသည့် TNLA-SSPP တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃၊ ခမရ ၈ တို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “မြန်မာ့ တပ်မတော်က တက်လာတော့ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်သွားတာပေါ့။ နာရီဝက်ကျော် ၄၅ မိနစ်လောက်ပဲ ကြာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တိုက်ပွဲထပ်မံ ဖြစ်ပွားခြင်း မရှိသေးသော်လည်း ယင်းနေရာတွင် နှစ်ဖက်တပ်များ ရင်ဆိုင် တပ်စွဲထားသည့်အတွက် အချိန်မရွေး သေနတ်ပေါက်နိုင်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲကြောင့် နားပုံကျေးရွာမှ အိမ်ထောင်စု ၆ စု လူဦးရေ ၂၀ နမ္မတူမြို့နယ်၊ မန်စံကျေးရွာဘုန်းကြီးကျောင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ ဒုဥက္ကဋ္ဌ စိုင်းဘဉာဏ်က ပြောသည်။
စိုင်းဘဉာဏ်က “နားပုံတဝိုက်က တောင်ယာတွေမှာ နေတဲ့ သူတွေပါ။ အဲဘက်ကလည်း အခြေအနေကောင်းသွားပါပြီ၊ ငြိမ်သွားပါပြီဒီနေ့ ပြန်ကြမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် RCSS တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်တို့အကြား လက်နက်ကိုင် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှ လူဦးရေ ၂၄၀၀ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သြဂုတ် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နေရပ်စွန့်ခွာ တိမ်းရှောင်သူများမှာ ဘုန်းတော်ကြီးကျောင်းများ၊ တခြားယာယီနေရာများတွင် ခိုလှုံနေ ကြရကြောင်းလည်း ဆိုထားသည်။