ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရသည့်အမှုကို ရုပ်သိမ်းခွင့် ပြုလိုက်ခြင်းသည် နိုင်ငံတော် ငြိမ်ဝပ် ပိပြား ရေး ကို ထိခိုက်စေသည့် အတွက် ယင်းအမိန့်ကို ပြင်ဆင် ပယ်ဖျက်ပေးရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ က ပြောသည်။
သြဂုတ်လ ၂၉ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံး၌ အောင်ရဲထွေး အမှု အမိန့်ပြင်ဆင်ချက် လျှောက် ထားမှုအား လက်ခံသင့်၊ မသင့် နှစ်ဖက် လျှောက်လဲချက် ကြားနာမှု၌ လျှောက်ထားသူ တိုင်းဥပဒေချုပ်ရုံး မှ ဥပဒေ အရာရှိ အမျိုးသမီးက တရားခွင်အတွင်း ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ယခု ဖြစ်စဉ်သည် အများပြည်သူ စိတ်ဝင်စားသည့် အမှုဖြစ်နေခြင်း၊ နိုင်ငံ၏ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေခြင်း၊ မှုခင်း ဆရာဝန် အပါအဝင် တရားလို ပြသက်သေ ၈ ဦးကို စစ်ဆေးရန် ကျန်ရှိနေသေးခြင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး က ပြင်ဆင်ချက် တင်သွင်းရန် အကြောင်းကြားခြင်းတို့ကြောင့် ပြင်ဆင်ချက် တင်သွင်းကာ ဥပဒေနှင့် အညီ ဆက်လက် စစ် ဆေးစေရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း အဆိုပါ ဥပဒေ အရာရှိက ရှင်းလင်း ပြောဆိုသည်။
အမှုကို ရုပ်သိမ်း ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့် ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်း ဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင်ပင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ ယင်း လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုဖွင့် လက်ခံခဲ့ ပြီး ယနေ့တွင် နှစ်ဖက် လျှောက်လဲချက်များ ကြားနာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေးသည် ၂၀၁၇ ခု ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ် ကူး ပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး ဦးနှောက်နှင့် အာရုံကြော ဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန် သွားခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူ သံသယ တရားခံ ၃ ဦး ဖြစ်သော သန်းထွဋ် အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန်( ခ) ကျော်ဇော တို့ကို စွဲချက် မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ယနေ့ နှစ်ဖက်လျှောက်လဲချက် တင်ပြရာတွင် တိုင်းဥပဒေချုပ်ရုံး၏ တင်ပြချက်များကို လျှောက်ထားခံရသူများ ဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇော တို့၏ ရှေ့နေများ ကလည်း ပြန်လည် လျှောက်လဲကြသည်။
အောင်ရဲထွေး အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံး၏ အကြောင်းကြားချက်ဖြင့် အရှေ့ပိုင်းခရိုင် တရား သူကြီး က ဥပဒေနှင့်အညီ အမိန့်ချမှတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံး အနေဖြင့် ရုပ်သိမ်းခွင့်ပြုခဲ့ ပြီးမှ ပယ်ဖျက်ရန် ပြင်ဆင်ချက် ပြန်လည်လျှောက်ထားခြင်းသည် လွဲမှားနေကြောင်း လျှောက်ထားခံရသူ ကျော်ဇောဟန် (ခ) ကျော်ဇော ၏ တရားလွှတ်တော် ရှေ့နေ ဦးချစ်ကိုကို က တင်ပြသည်။
ဆက်လက်၍ ၎င်းက ဖေ့စ်ဘုတ်တွင် ထင်ရှားကျော်ကြားသူ တဦးဖြစ်သည့် အောင်ရဲထွေးအမှုကို လူအများ စိတ်ဝင် စား သည်မှာ မထူးဆန်းသဖြင့် ဥပဒေချုပ်ရုံးက တင်ပြသကဲ့သို့ လူအများ စိတ်ဝင်စားသည့် အမှုဖြစ်ရုံနှင့် ပယ်ဖျက်သင့် ပါသလား၊ နိုင်ငံ၏ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည် ဆိုသည်မှာ ပြန်လည် ရုပ်သိမ်းနိုင်လောက်သည့် အချက်ဖြစ်ပါ သလား ဟု မေးခွန်း ထုတ်ခဲ့သည်။
ယင်းကဲ့သို့ အခြေအမြစ် မရှိသည့် အကြောင်းပြချက်များဖြင့် တရားရုံးက ဥပဒေနှင့် အညီ ဆုံးဖြတ် ပယ်ဖျက်မည် ဆိုပါက တရားရေး မဏ္ဍိုင်ကို ထိခိုက်မည် ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြ ပြောဆိုသွားသည်။
တရားရုံး စီရင်ချက်အရ သံသယ တရားခံ သုံးဦးတို့က ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ထင်ရှား ပေါ်ပေါက်မှု မရှိခြင်း၊ သေဆုံးသူ ဦးခေါင်းတွင် ရရှိသော ဒဏ်ရာသည် မည်သူက ပြုလုပ်ကြောင်းနှင့် တရားခံ ၃ ဦးနှင့် ပတ်သက် ကျူးလွန် ကြောင်း သက်သေခံချက်များ အားနည်းလျက်ရှိ၍ အမှုအား ဆက်လက် စစ်ဆေးပါက အကျိုးထူးဖွယ်ရာ မရှိသဖြင့် ရုပ်သိမ်းခွင့်ပြုဟု ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရုပ်သိမ်းခွင့်ပြုရန် ခရိုင် ဥပဒေ အရာရှိက တရားရုံးသို့ လျှောက်ထားခဲ့ပြီး အရှေ့ပိုင်း ခရိုင် တရားသူကြီးက ရာဇဝတ် ကျင့်ထုံး ပုဒ်မ ၄၉၄ (က)အရ ဇူလိုင် ၂၅ ရက်တွင် အမှုရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရုပ်သိမ်းခဲ့သည့် အောင်ရဲထွေး အမှုတွင် အဂတိ လိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့နေသည့် အပေါ်တွင်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကျော်စော သတင်းအဖြစ် သတ်မှတ်ပြီး ကော်မရှင်သို့ သတင်းပေး ပို့ ချက် အဖြစ် အတည်ပြု သတ်မှတ်ကြောင်း သြဂုတ် ၃ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။