ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကန်ညီနောင် ကျေးရွာအနီး တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားကြောင်း သတင်းရရှိသည်။
တပ်မတော်ဘက် က တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းနှင့် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၀၂ တို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖာပွန်ခရိုင်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
၎င်းက “ကန်ညီနောင် ပတ်ဝန်းကျင်မှာ ဖြစ်တာ။ မနေ့ မနက် ၉ နာရီက တကြိမ်၊ ဒီနေ့ မနက် ၇ နာရီမှာ တကြိမ်၊ ၁၀ နာရီ ၄၀ မှာတ ကြိမ်၊ ၁ နာရီမှာ တကြိမ်။ ဒီနေ့ ၃ ကြိမ် ဖြစ်တယ်” ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကိုတော့ ပြောဆိုခြင်း မရှိပေ။
ဖာပွန်ခရိုင်၊ ကန်ညီနောင်ကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲမှာ တပ်မတော်ဘက်မှ တပ်ဖွဲ့များက KNU/KNLA တပ်မဟာ (၅) နယ်မြေအတွင်းဝင်ရောက် လှုပ်ရှားမှုများ ရှိခြင်းကြောင့် ဖြစ်သည်ဟု KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။
ပဒိုစောတာဒိုမှူးက “ထိတွေ့မှုရှိတယ်။ အသေးစိတ်ကိုတော့ သေချာတော့ မသိသေးဘူး။ သူတို့ဘက်ကလှုပ်ရှားမှုတွေ ရှိလာတယ်။ ရှိလို့ ထိတွေ့မှု ဖြစ်တယ်။ အဲ့ဘက်ကို ဆက်သွယ်ဖို့က နည်းနည်းခက်တယ်။ ကျနော်တို့ဘက်ကတော့ သူတို့ဘက်က အောက်ခြေ ဗျူဟာမှူးတွေကို ဆက်သွယ်ဖို့ အခု ကြိုးစားနေပါတယ်။ ဆက်သွယ်လို့တော့ မရသေးပါဘူး” ဟု ပြောသည်။
ရှေ့တန်း တပ်စခန်းများတွင် နှစ်ဖက်တပ်များအကြား နားလည်မှု လွဲမှားပြီးပစ်ခတ်မှုများက ဖြစ်တတ်ကြောင်း၊ မည်သည့်ကိစ္စကို နားလည်မှု လွဲပြီးပစ်ခတ်သည်ကို မသိသေးကြောင်း၊ KNU ဗဟိုအနေဖြင့် အောက်ခြေတပ် တာဝန်ရှိသူများကို ဆက်သွယ်နေဆဲ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး က ဆိုသည်။
ပဒိုစောတာဒိုမှူး က “အရေးကြီးတာတော့ ကျနော်တို့ NCA ကိုအခြေခံပြီး သူမှားလည်းသူဆုတ်၊ ကိုယ်မှားရင် ကိုယ်ဆုတ်ဖို့ လိုတယ်။ NCA ထိုးထားတော့ NCA အပေါ်မှာတော့ နှစ်ဖက်လုံးက Commitment တော့ ရှိရမှာပေါ့” ဟု ပြောသည်။
KNU/KNLA သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ အစည်းအဝေး များတွင် ပါဝင် ဆွေးနွေးလျက် ရှိသည်။
သို့သော် မြေပြင်တွင် တပ်မတော်နှင့် KNLA တပ်မဟာ ၅ အကြားတိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများက ၂၀၁၈ ခုနှစ်အတွင်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၁၈ ခုနှစ်၊ မတ်လကလည်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ KNLA တပ်မဟာ (၅) နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက လမ်းဝင်ဖောက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားပြီးဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီး ယနေ့ထိနေရပ် မပြန်နိုင်ကြသေးပါ။
ဇူလိုင်လအတွင်းကလည်း နေပြည်တော်တွင် ၂၁ ရာစုပင်လုံ ညီလာခံ တတိယအကြိမ် ကျင်းပနေစဉ် အတွင်းဖာပွန်ခရိုင်အတွင်း KNLA နှင့် တပ်မတော်တို့ အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် ဇူလိုင်လကုန်ပိုင်းကလည်း ဖာပွန်ခရိုင်၊ KNLA တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်အတွင်းက ရင်အာဇာနည်နေ့ ကျင်းပရာတွင် စစ်ရေးပြအခမ်းအနား မလုပ်ရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က တားမြစ်ခဲ့ပြီး မြေပြင်တွင်လည်း တပ်စခန်းများ ဝင်ရောက် တိုးချဲ့ခြင်းများ ပြုလုပ်ခဲ့သဖြင့် စစ်ရေးတင်းမာထားသည်။
NCA ထိုးပြီးနောက် ပဋိပက္ခများ ပြန်လည် ဖြစ်ပွားက ဖြေရှင်းပေးရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့် ထားရှိပေးထားသော်လည်း တပ်မတော်နှင့် KNLA တပ်မဟာ ၅ တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခများကို ကျေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးပါ။
ပဒိုစောတာဒိုမှူးက NCA အခန်း ၃ အရ ထိပ်တိုက်ထိတွေ့မှုများကို ရှောင်ရှုားနိုင်ရန် တွေ့ဆုံညှိနှိုင်းရန် လိုကြောင်း၊ တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန် ၎င်းတို့ KNU ဘက်မှ စစ်ဘက်ရေးရာ ညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ (MANT) ကို ဖွဲ့စည်းထားကြောင်း သိရသည်။
သို့သော် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ဆွေးနွေးနိုင်မှုများ မရှိသဖြင့် ရှေ့တန်းတပ်ပိုင်းဆိုင်ရာ သဘောတူညီချက်များ မရှိဘဲ အခြေအနေ ကြည့်ကာ ထိန်းထိန်း သိမ်းသိမ်းနေရကြောင်း ၊ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ အစည်းအဝေးများ မရှိသဖြင့် JMC ကော်မတီအဆင့်ဆင့် ကလည်းအလုပ်မဖြစ်ဟုပြောသည်။
NCA အခန်း ၅ တွင် ပြဌာန်းထားချက်များအရ အပစ်ရပ်ချုပ်ဆိုပြီးနောက် နိုင်ငံရေးသဘောတူညီမှုများ အပြီးသတ် မရသေးမီ ကြားကာလတွင် နှစ်ဖက်တပ်များ နယ်မြေအုပ်ချုပ်ရေးအတွက် ညှိနှိုင်းရမည့် ကိစ္စများရှိသော်လည်းလက်တွေ့တွင် မလုပ်ဆောင်ဖြစ်ကြောင်း သိရသည်။
ပဒိုစောတာဒိုမှူး က “NCA က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အသွင်ဆောင်တဲ့ ပဏာမအပစ်အခတ် ရပ်စဲရေးကို Bilateral အဆင့်သာ လက်မှတ်ရေးထိုးထားကြတဲ့ ပုံပဲ ဖြစ်ပါတယ်။ Bilateral Agreement ဆိုပေမယ့် တနိုင်ငံလုံးအသွင်ဆောင်တယ် ။ နောက်ပြီးတော့ ပဏာမအဆင့် ဖြစ်လို့ ရှေ့ဆက် အများကြီး ဆက်ဆွေးနွေးဖို့ လိုပါသေးတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စ၊ ကြားကာလကိစ္စ ဆက်ဆွေးနွေးဖို့ လိုပါတယ်။ မရှင်းမလင်းတွေပဲရှိနေသေးတယ်” ဟုလည်း ပြောသည်။
ဧရာဝတီမှ ဇူလိုင်လအတွင်း KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ကို အပစ်ရပ်ပြီးနောက် ပစ်ခတ်မှု များ ပြန်လည် ဖြစ်ပွားရခြင်းနှင့် ပတ်သတ်၍ မေးမြန်းထားရာ ၎င်းက NCA ထိုးပြီးနောက် တပ်မတော် ဘက်က KNLA ၏ နယ်မြေများ အတွင်း ဝင်ရောက် တပ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေကြောင်း၊ တပ်မတော်က ထိုင်း-မြန်မာနယ်စပ်၊ ဖာပွန်ခရိုင်အတွင်း KNLA တပ်မဟာ (၅) ထိန်းချုပ်ထားသည့် နယ်စပ်ဧရိယာကိုရရှိရန်လည်း ကြိုးပမ်းနေသည်ဟုပြောဆိုထားသည်။
KNU/KNLA ဘက်မှ ပြောဆိုချက်များနှင့် ပတ်သတ်၍ တပ်မတော်ဘက်မှ အမြင်သဘောထားများကို မေးမြန်းရန် တပ်မတော် ပြောရေး ဆိုခွင့်ရှိသူများကို ဆက်သွယ်သော်လည်းမရပါ။