မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းရွာရှိ လွင်ဦးကျောင်းတိုက်တွင် အသက် ၁၄နှစ်အရွယ် မောင်ဝေဖြိုးနိုင်အား မင်းမဲ့ စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့မှုကို ဦးသုစရိတစွဲဆိုသည့်အမှုအား မတ္တရာမြို့နယ် တရားရုံးတွင် သြဂုတ် ၂၇ ရက်နေ့က စတင်စစ်နေပြီ ဖြစ်ကြောင်း မတ္တရာမြို့ နယ်တရားရုံးမှ သိရသည်။
“အပြန်အလှန် တရားလိုလုပ်ပြီး ဦးတိုက်လျှောက်ထားလာတဲ့ အမှုတွေကို ကျနော်တို့က လက်ခံခဲ့ပြီးတော့ ရာဇဝတ် ကျင့်ထုံး ၂၀၂ အရ သက်ဆိုင်ရာရဲစခန်းကို အမှုနဲ့ပတ်သက်တာတွေ ခိုင်မာအောင် တည်ဆောက်ပေးဖို့လွဲပေးခဲ့တာမှာ ပြန် လည်ပေးပို့တာကြောင့် စတင် စစ်ဆေးနေပြီဖြစ်ပါတယ်၊ အခုအပတ်မှာ ဦးသုစရိကကနေ တရားလိုလုပ်တဲ့ မောင်ဝေဖြိုးနိုင် အပါ ၃ ဦးအမှုကို စတင်စစ်ဆေးတာပါ” မတ္တရာမြို့နယ်တရုံး မြို့နယ်တရားသူကြီး ဦးဝင်းမြင့်စိုးက ဧရာဝတီသို့ ပြောသည်။
မောင်ဝေဖြိုးနိုင်အပေါ် တရားစွဲဆိုခဲ့သည့် ဦးသုစရိတက “ဖြစ်စဉ်အပေါ် သူ့ဘက်ကိုယ့်ဘက်မေးမြန်းတဲ့အပေါ်မှာ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်တော့ ဖြေထားပါတယ်၊ တိုင်ထားတာက ဧပြီလ ၂၁ရက်က တိုင်ကြားခဲ့တာပါ၊ ဘုန်းဘုန်းတရားလို လုပ်တိုင်တဲ့အမှုကို ဒီနေ့ စစစ်တာပဲ၊ ဦးသူရနိုင်တရားလိုလုပ်တဲ့အမှုကိုတော့ ပြီးခဲ့အပတ်ရုံးချိန်းက စစ်ခဲ့ပါတယ်”ဟု မိန့် ကြားသည်။
အဆိုပါကဲ့သို့ အပြန်အလှန်တရားစွဲဆိုမှုများကို ရိုက်နှက်ခံရသူ အသက် ၁၄ နှစ်အရွယ် မောင်ဝေဖြိုးနိုင်ဘက်မှ Legal Clinic Myanmar ၏ မန္တလေးတိုင်းတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာမှ အခမဲ့ရှေ့နေအဖြစ် လိုက်ပါဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကလေးဝေဖြိုးနိုင်ကို ဦးသုစရိတကရိုက်နှက်တယ်ဆိုတဲ့ဗွီဒီယိုဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တယ်၊ အဲဒီဗွီဒီယိုဖိုင်ကို ကျမကြည့်လိုက်တဲ့အခါ ဦးသုစရိတက တရားစွဲတဲ့အနေအထားနဲ့ တကယ့်အဖြစ်အပျက်က ကွာဟနေတယ်၊ ကွာဟနေတဲ့ အပြင် ကလေးကို တရားခံအဖြစ် တရားစွဲဆိုတဲ့အကြောင်းရင်းကလည်း လွဲမှားနေတယ်၊ ဒါကြောင့် ကလေးအတွက်ကို တရားမျှတမှုရရှိအောင်ဆိုပြီး အခမဲ့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတာပါ”ဟု Legal Clinic Myanmar ၏ မန္တလေး တိုင်းတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။
ဖြစ်စဉ်မှာ ကင်းရွာရှိ လွင်ဦးကျောင်းတိုက်အတွင်း၌ ဧပြီလ၂၁ ရက်က လွင်ဦးကျောင်းတိုက်မှ ဦးသုစရိတသည် မောင်ဝေဖြိုး နိုင်အား မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး လွင်ဦးကျောင်း၌ ကျောင်းအိပ်ကျောင်းစား နေထိုင် သူ မောင်ဝေဖြိုးနိုင်မှ ကျောင်းသားအချင်းချင်းစကားပြောကြရာတွင် “ခွေးပါးစပ်က နတ်စကားထွက်”ဟူသောအသုံးအနှုန်း ကို သုံးနှုန်းမိရာ ဦးသုစရိတက သူ့ကို ပြောသည်ယူဆပြီး စတင်ရိုက်နှက်ခဲ့ခြင်းဟု သိရသည်။
အဆိုပါရိုက်နှက်မှုဖြစ်စဉ်တွင် အပြန်အလှန်တရားစွဲဆိုမှုများ ပြုလုပ်ထားကြရာ အမှုဖြစ်ပွားပြီး ၄ လအကြာမှ စတင်စစ်ဆေး နိုင်ခဲ့ခြင်းမှာ ဦးသုစရိတမှ ဦးတိုက်လျှောက်ထားမှုသည် တရားရုံးတော်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း မောင်ဝေဖြိုးနိုင် ရိုက်နှက်ခံရမှုမှာ တရားရုံးတော်သို့ မရောက်သေးခြင်းကြောင့် ကြန့်ကြနေရခြင်းဟု သိရသည်။
“ဦးသုစရိတကနေ မောင်ဝေဖြိုးနိုင်၊မစန်းလဲ့၊ မအေးသန္တာစိုးကို တရားစွဲတယ်၊ အဲဒီမှာ ဦးသူရနိုင် ပြန်ပြီးတရားလိုလုပ်စွဲတဲ့ အမှုက တရားရုံးကိုမတက်သေးဘူး၊ ဦးသုစရိတစွဲတဲ့အမှုသာ အရင်ဦးဆုံးတက်တာမို့လို့ အဲဒီအမှုကို အရင်ဦးဆုံး စစ်မယ် ဆိုရင် တရားမျှတမှုအတွက် လိုအပ်ချက်တွေရှိနေမှာဆိုးလို့ ကျမကပဲ ကျင့်ထုံးဥပဒေပုဒ်မ ၃၄၄-၁အရ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားခဲ့တာ”ဟု Legal Clinic Myanmar ၏ မန္တလေးတိုင်းတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။
အဆိုပါကဲ့သို့ အပြန်အလှန်တရားစွဲဆိုမှုတွင် တရားရုံးတော်သို့ ပထမရောက်ရှိလာသည့် အမှုကို စစ်ဆေးမည်ဆိုလျှင် အမြင်လွဲမှားမှုများဖြစ်ပေါ်လာသဖြင့် အပြန်အလှန်အမှုအပြည့်အစုံရောက်ရှိမှသာ စတင်စစ်ဆေးခြင်းဟု သိရသည်။
“အမှုက အပြန်အလှန်ဖြစ်နေတာကြောင့် တပြိုင်တည်း စစ်ဆေးစေချင်လို့၊ ကာယကံရှင် တွေရဲ့ဆန္ဒတွေလည်းပါတာပေါ့၊ တဖက်ကစွဲတဲ့အမှုကို စစ်ပြီး ခံရသူဘက်ကအမှုကို မစစ်ဆေးသေးဘူးဆိုရင် အမြင်လွဲမှားမှုတွေ ရှိလာနိုင်တဲ့ အခြေအနေ တွေကြောင့် နှစ်ဦးနှစ်ဘက်မျှတအောင် အခုလိုလျှောက်ထားပေးခဲ့တာပါ၊ တရားရုံးကလည်း ခွင့်ပြုပေးပါတယ်၊ ဦးသုစရိတ ကို ဦးသူရနိုင်က တရားလိုလုပ်ပြီး ပြန်စွဲတဲ့အမှုတရားရုံးတက်မှ တပေါင်းတည်းစစ်တာပါ၊ ပြီးခဲ့တဲ့ရုံးချိန်းမှာ ဦးသူရနိုင် တရားလိုလုပ်တဲ့အမှုကို စစစ်ခဲ့ပါတယ်၊ ဒီနေ့ကတော့ ဦးသုစရိတကစွဲတဲ့အမှုကို စစစ်တာပါ”ဟု ဒေါ်အေးသန္တာက ဆက် လက်ပြောသည်။
အဆိုပါရိုက်နှက်မှုဖြစ်စဉ်ကို ဦးသုစရိတအပါအဝင် ၄ ဦးအား မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် (ပ)၃၂၇/၂၀၁၈ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အမှုအား ရဲလုပ်ငန်းများအရ စုံစမ်းစစ်ဆေး၍ မြို့နယ် ဥပဒေရုံးသို့ အကြံပေးရန် တင်ပြတောင်းခံခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃ ဖြင့် ပြန်လည် ချထားပေးခဲ့ကြောင်း မတ္တရာမြို့နယ်ရဲတပ်ဖွဲ့က သိရ သည်။
ထိုကဲ့သို့ ဥပဒေရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃ ဖြင့် ပြန်လည် ချထားပေးခဲ့ရာ ရဲအရေးမပိုင်သည့်အမှုဖြစ်သွားသဖြင့် ဦးသူရနိုင်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ ဇွန်လ ၈ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ခြင်းဟု သိရသည်။
“၈လပိုင်း ၈ရက်နေ့က ကျနော်ဦးတိုက်လျှောက်ထားတာကို စပြီးစစ်တယ်၊ အခုအပတ်မှာ ဦးသုစရိက ဦးတိုက်လျှောက် ထားတဲ့ ကလေးကို သရက်သီးခိုးတယ်ဆိုတဲ့အမှု စစစ်တာပေါ့၊ ကလေးကို ရက်ရက်စက်စက်လုပ်တဲ့အတွက် ဥပဒေအရ မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးစေချင်တာပါပဲ”ဟု မောင်ဝေဖြိုးနိုင်၏ ဖခင် ဦးသူရနိုင်က ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က မောင်ဝေဖြိုးနိုင်အား ဦးသုစရိတဦးဆောင်၍ မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့ အနိုင်ကျင့် ရိုက်နှက်ခံရသဖြင့် အတွင်းလူနာ အဖြစ် တက်ရောက်ကုသမှု ခံယူခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။