တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို ပြန်လည်သုံးသပ်သည့် ရက်သတ္တ ၃ ပတ်ကြာ အစည်းအဝေး ကျင်းပပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) က အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်နိုင်ရန် ဆက်လက် လုပ်ဆောင်ရေးအတွက် ဆုံးဖြတ်ခဲ့သည်။
NCA သဘောတူညီချက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၂၀၁၅ ခုနှစ်က လက်မှတ် ရေးထိုးထားခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ၅၅ ဦးအနက် ၄၆ ဦးတို့ သြဂုတ်လ ၆ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
KNU အနေဖြင့် အစိုးရနှင့် ကျန်ရှိနေသော ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင် ဖဒိုစောသမိန်ထွန်းက ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောသည်။
“KNU အတွက် အချိန်ကာလကနေ ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ NCA တည်ရှိနေသမျှ ကာလပတ်လုံး KNU က ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု သူက ပြောသည်။
အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှု ကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီတို့ကို အခြေခံ၍ ဆောင်ရွက်နေခြင်းကြောင့် KNU အနေဖြင့် အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖဒိုစောသမိန်ထွန်းက ပြောသည်။
KNU သည် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုလည်း အားပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် ဖက်ဒရယ် နိုင်ငံရေးညှိနှိုင်းရေးနှင့် အတိုင်ပင်ခံ ကော်မတီဝင် ခုနစ်ဖွဲ့ကို NCA လက်မှတ်ထိုးရန် အားပေး သွားမည်ဟု သူက ဖြည့်စွက်ပြောသည်။
NCA သည် လူနည်းစု တိုင်းရင်းသားများအတွက် ၎င်းတို့နိုင်ငံရေး ရည်မှန်းချက်သို့ ချီတက်ရာတွင် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု KNU က သဘောထားသည်။
“ကျနော်တို့အားထုတ်မှုက ဘယ်လောက် အောင်မြင်လာမလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး။ နောက်ဆုံး ဆွေးနွေးမှု ကဏ္ဍတွေရောက်ရင်တော့ ကျနော်တို့ သိရမှာပါ” ဟု ဖဒိုစောသမိန်ထွန်းက ပြောသည်။
KNU ၏ လက်ရုံးတပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) သည် ၎င်းလက်ရှိ ထိန်းချုပ်ထားသော နယ်မြေကို ဆက်လက် ကာကွယ်သွားမည်ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်မှ ယင်း နယ်မြေအတွက် မည်သည့်ကြိုးပမ်းမှုကို မဆို ခုခံသွားမည်ဖြစ်ကြောင်း သူက မှတ်ချက်ချသည်။
KNLA ၏ လုံခြုံရေး ကြိုတင်ခွင့်ပြုချက် မပါဘဲ မြန်မာ့တပ်မတော်က ယင်းနယ်မြေအတွင်း လမ်းပြုပြင်ရန် ကြိုးစားခဲ့ရာ ယခုနှစ် အစောပိုင်းက ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်။ မေလက KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် စစ်တပ်က လမ်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ရပ်ဆိုင်းခဲ့သော်လည်း ယင်းနယ်မြေမှ တပ်များကို ပြန်လည် မရုပ်သိမ်း သေးပေ။
ယခုလအတွင်း ရက်သတ္တပတ် ၃ ပတ်ကြာ အစည်းအဝေးပြီးနောက် KNU က ကြေညာချက် တစောင် ထုတ်ပြန်၍ ကရင်တိုင်းရင်းသားများထံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တုံ့ပြန်မှုများကို စုစည်းတင်ပြမည့် ပြည်သူ့ဖိုရမ်ပွဲတပွဲ ကျင်းပရန်ရှိကြောင်း ဆိုသော်လည်း နေရာနှင့်အချိန်ကိုမူ ထည့်သွင်းပြောဆိုထားခြင်း မရှိပေ။
မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်လာသူများကို ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်ပေးလျက် အထောက်အပံ့ ပေးနေခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီးနောက် NCA လက်မှတ်မထိုးမီ KNU သည် ၂၀၁၂ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့သည်။
ယင်းဒုက္ခသည်စခန်းများတွင် နေထိုင်သူများ မူလနေရပ်သို့ ပြန်ရန် လုံခြုံရေးအတွက် စိတ်ချရသည်အထိ နယ်စပ်တလျှောက်တွင် ၎င်းတို့ ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်းနှင့် အထောက်အပံ့ပေးသည့် အေဂျင်စီ များထံ ပြန်လည်ထောက်ပံ့ရေးအတွက် တောင်းဆိုရလိမ့်ဦးမည် ဖြစ်ကြောင်း KNU က ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် လဝီဝမ်ရေးသည့် Karen National Union Recommits to Peace Process at Meeting ကို ဆီလျော်အောင် ဘာသာပြန်သည်။)