မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ် အတွင်း၌ လည်ပင်းကို ဓားဖြင့် လှီး၍ ဆိုင်ကယ် လုယူမှု ဖြစ်စဉ်တခု ယမန်နေ့က ဖြစ်ပွားခဲ့ ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့က သိရသည်။
မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးအောင် က “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေးကို စုံစမ်း စစ်ဆေးနေဆဲပါ။ လူနာကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဖြစ်စဉ် ဖြစ်ပွားပြီး သိပ်မကြာခင်မှာ မိသားစုတွေလည်း ရောက်လာပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဩဂုတ်၂၉ ရက် ည ၁၀ နာရီခန့်က ၆၂ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ မနော်ရမ္မံ ကစားကွင်းရှေ့တွင် လူငယ်တဦးက Scoopy ဆိုင်ကယ် အနီရောင်ကို ရပ်၍ ဖုန်းပြောနေစဉ် အမည်မသိ လူငယ်တဦး ဆိုင်ကယ်ပေါ် တက်ခွကာ ဆိုင်ကယ် ပိုင်ရှင်၏ လည်ပင်းကို ဓားဖြင့်လှီး၍ မောင်းထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဒုရဲမှူးကြီး မျိုးအောင်က “တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် အမှုစစ်တွေ ခွဲပြီးတော့ တောက်လျှောက် စုံစမ်းနေ တယ်။ ခရိုင်ဒန/ တိုင်းဒန (ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့)တွေ အားလုံး ပူးပေါင်းပြီးတော့ တရားခံ အမြန်ဆုံး ဖမ်းဆီးရ မိရေးကို ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ဓားဖြင့် လည်းပင်း လှီးခံရသူမှာ သေစေနိုင်သည့် ဒဏ်ရာ ရရှိခဲ့သော်လည်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အမတ ရွှေပြည် လူမှုကူညီရေးအသင်းက အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် ယခုအခါ အသက် အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း သိရသည်။
မနော်ရမ္မံ ကစားကွင်း အနီးတွင် နေထိုင်သည့် မျက်မြင်တွေ့သူ အမျိုးသမီးတဦးက “ကျမ အမေက လူသတ်နေပါတယ်လို့ အကျယ်ကြီး အော်တော့ ကောင်လေးက မသွားသေးဘူး။ အကြာကြီးပဲ ရပ်ကြည့်နေတာ။ ပြီးမှ ဆိုင်ကယ်မောင်းပြီး ထွက်သွားတာ သူ့နားကပ်လာရင် ဓားနဲ့ထိုးဖို့ အသင့်စောင့်နေတာ ကျမတို့လည်း အနားမကပ်ရဲဘူး။ ခံရတဲ့ အကိုကတော့ ကျမတို့အိမ်ဘက် လမ်းကူးလာပြီး လဲကျသွားလို့ ကျမ အမျိုးသားက သူ့ပုဆိုး ယူလာပြီး ပတ်ပေးခဲ့ပါတယ်” ဟု ပြောသည်။
မဟာအောင်မြေ မြို့နယ်အတွင်း နေထိုင်သူ ဦးကျော်စွာ က “မန္တလေးမြို့ကြီး ဘယ်လို ဖြစ်နေတာလဲ။ တရားဥပဒေ စိုးမိုး ရေးမရှိတော့ မြို့က လုံခြုံမှု မရှိဘူး။ ဘယ်သူ့မှာ တာဝန် အရှိဆုံးလဲ။ ဘယ်သူက တာဝန်ယူမှာလဲ။ မနေ့ညက ၁၀ နာရီ မထိုးသေးဘူး လည်ပင်းကို ဓားနဲ့ လှီးပြီး ဆိုင်ကယ် လုယက်မှုတွေ အထိ ဖြစ်လာပြီ။ ပြီးခဲ့တဲ့ အပတ်ကလည်း နေ့ခင်းကြီး သေနတ်နဲ့ ပစ်ပြီး လုယက်မှုလည်း ဖြစ်ပွားခဲ့သေးတော့ မန္တလေးက တော်တော် စိုးရိမ်စရာ ဖြစ်လာပြီ” ဟု ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်ကို မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မ ရဲစခန်းတွင် (ပ) ၆၅၂/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၉၄ (လုယက်မှု ကျူုးလွန်စဉ် အပြင်းအထန် နာကျင်စေမှု) ဖြင့် အမှု ဖွင့်လှစ်ထားပြီး တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။