ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်ဆလင်များအား မြန်မာ့တပ်မတော်က ရက်စက်ကြမ်းကြုတ်စွာ “လူမျိုးရေး သန့်စင်မှု” ပြုလုပ်သည်ကို ရေငုံနှုတ်ပိတ်နေခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစောင်က ဖော်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းမည် မဟုတ်ကြောင်း သိရသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာ့တပ်မတော်သည် သတ်ဖြတ်ခြင်းနှင့် အုပ်စုလိုက် မုဒိန်းကျင့်ခြင်းများကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ဆိုင်သောရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗိုလ်ချုပ် ၅ ဦးကို အလွန်ကြီးလေးသော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ဥပဒေနှင့် အညီ တရားစွဲဆို သင့်ကြောင်း ပြောကြားခဲ့ကြသည်။
၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရရှိထားသူ မြန်မာအစိုးရ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် မှာလည်း ရခိုင်ပြည်နယ်မှ တပ်မတော်၏ တိုက်ခိုက်မှုများအပေါ် ဆန့်ကျင်ပြောဆိုရန် ပျက်ကွက်ခဲ့သည့် အတွက် ဝေဖန် ပြစ်တင်ခြင်းခံခဲ့ရသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Zeid Ra’ad al Hussein က ပဋိပက္ခအပေါ် ခွင့်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အားထုတ်မှုများက အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်ကြောင်း ဘီဘီစီသို့ ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆက်လက်၍ နှုတ်ဆိတ်နေမည့် အစား တာဝန်မှ နုတ်ထွက်လိုက်သည်က ပိုကောင်းသည်ဟု သူက ဆိုသည်။
နော်ဝေ နိုဘယ်ဆု ကော်မတီအတွင်းရေးမှူး Olav Njoelstad က “နိုဘယ်ဆိုဟာ ရူပဗေဒဖြစ်စေ၊ စာပေသို့မဟုတ် ငြိမ်း ချမ်းရေး ဖြစ်စေ ထိုက်တန်တဲ့ အားထုတ်မှု သို့မဟုတ် အတိတ်က အောင်မြင်မှုကြောင့် ချီးမြှင့်တာ ဖြစ်တယ်ဆိုတာကို သတိရဖို့ အရေးကြီးပါတယ်” ဟု သြဂုတ်လ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ဆုရခဲ့တဲ့ ၁၉၉၁ ခုနှစ်အထိ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့လို့ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။”
နိုဘယ်ဆု၏ စည်းမျဉ်းစည်းကမ်းများက နိုဘယ်ဆုများကို ပြန်လည်ရုပ်သိမ်းခွင့် မပြုဟု သူကပြောသည်။
၂၀၁၇ ခုနှစ်တွင် ကော်မတီ အကြီးအကဲ Berit Reiss-Andersen ကလည်း ရိုဟင်ဂျာ ပြဿနာတွင် ဒေါ်အောင်ဆန်းစု ကြည်၏ အခန်း ကဏ္ဍနှင့် ပတ်သက်၍ ဝေဖန်မှုများကြောင့် ဆုကို ပြန်လည်ရုပ်သိမ်းမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။
“ကျမတို့ ဒီလိုမလုပ်ပါဘူး။ ဆုရှင်တယောက်က ဆုရပြီးတဲ့နောက် ဘာတွေလုပ်သလဲ ဆိုတာကို စောင့်ကြည့်တာ သို့မဟုတ် စိစစ်တာက ကျမတို့ အလုပ်မဟုတ်ပါဘူး။ ဆုရှင်တွေ ကိုယ်တိုင်က သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကာကွယ် ရမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။
ယမန်နှစ်က စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည် ရုပ်သိမ်းခဲ့သည့်ဆုများမှာ ၁၇ ဆု ရှိခဲ့ပြီဖြစ်သည်။
မကြာသေးမီက စကော့တလန် နိုင်ငံမှ ဒေါ်အောင်ဆန်း စုကြည်အား ချီးမြှင့်ထားသည့် အီဒင်ဘာ့ခ် လွတ်မြောက်ရေးဆု ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အီဒင်ဘာ့ခ်ကလည်း ဒဗ္ဗလင်၊ အောက်စဖို့၊ ဂလက်စ်ဂိုနှင့် နယူးကာဆယ်တို့ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို မြို့များအလိုက် ပေးအပ်ခဲ့သော လွတ်မြောက်ရေးဆုများအား ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။