အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစည်းအဝေးတရပ်ပြုလုပ်၍ ဆွေးနွေး သုံးသပ်မှုပြုလုပ်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် စက်တင်ဘာလဆန်းပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥကဋ္ဌ ခွန်မြင့်ထွန်း က ပြောသည်။
ခွန်မြင့်ထွန်း က “အဓိကကျနော်တို့ တတိယပင်လုံ ညီလာခံအပြီးမှာ ပြန်လည် သုံးသပ်စရာတွေ သုံးသပ်ဖို့ ရှိမယ်၊ ပြီးရင် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သင့်တဲ့ ဟာတွေကိုဆွေးနွေးကြဖို့ရှိမယ်” ဟု ပြောသည်။
ထို့နောက် PPST အစည်းအဝေးမှာ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံကျင်းပရေးနှင့် လက်မှတ် မရေးထိုးသေးသည့် အဖွဲ့များနှင့် ထိပ်သီးညီလာခံ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေး၍ ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။
ယင်းအစည်းအဝေးတွင် တပ်မတော်နှင့် KNU လက်အောက်ခံ တပ်မဟာ ၅ ကြား တိုက်ပွဲဖြစ်ပွားနေမှုများနှင့် စစ်ရေး တင်းမာမှု အခြေအနေများကိုတော့ တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်နေသည့်အတွက် ဆွေးနွေးရန် မရှိကြောင်း PPST အဖွဲ့ဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ပြောသည်။
ပဒိုစောတာဒိုမှူး က “ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုဘယ်လိုရှေ့ဆက်သွားလို့ရမလဲပေါ့၊ အတူတကွ စုစုစည်းစည်းနဲ့ နောက်ပြီးတော့ UPC တုန်းကအားနည်းချက် အားသာချက်တွေ တင်ပြမှုတွေကိုလူကြီးတွေ နားထောင်မယ်၊ နောက် ရှေ့ဆက် ပြီးတော့ ဘယ်လိုသွားကြမယ်ဆိုတာတွေပေါ့”ဟု ပြောသည်။
စက်တင်ဘာလ ပထမအပတ်အတွင်းကျင်းပမည့် PPST အစည်းအဝေးသည် ၂၄ ကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး ၂၂ ကြိမ်မြောက်နှင့် ၂၃ ကြိမ်မြောက် အစည်းအဝေးကိုဇူလိုင်လက ကျင်းပခဲ့ကြသည်။
PPST တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် ၈ ဖွဲ့ဖြင့် စုဖွဲ့ထားပြီး KNU က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ RCSS က ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အဖွဲ့ဝင်များမှာကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)နှင့် ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားများ လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ ပါဝင်ကြသည်။
မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအးရုံး (LDU)တို့မှာ လေ့လာသူအနေဖြင့် PPST အစည်းအဝေးများကို တက်ရောက် လျက်ရှိကြောင်းသိရသည်။
KNU မှ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက“ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမှန်မှန်နဲ့ တည့်တည့် မတ်မတ်နဲ့ ကျနော်တို့ မူလသဘောတူထားတဲ့ အခြေခံကနေပိုပြီးတော့ အဓိပ္ပာယ် ပြည့်ဝတဲ့ အဖြေတွေ ရအောင် ပိုပြီးတော့ ကြိုးစားသွားမယ်ဆိုတာတော့ ပြောချင်ပါတယ်”ဟုပြောသည်။