ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများ အတွင်းရှိ လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် မြန်မာနိုင်ငံအား နိုင်ငံတကာ ရာဇဝတ်ရုံး (ICC) သို့ အရေးတကြီး လွှဲပြောင်းပေးသင့် သည်ဟု လူ့အခွင့်အရေး ဆိုင်ရာများ လုပ်ဆောင်နေသည့် Fortify Rights အဖွဲ့က ပြောသည်။
သြဂုတ်လ ၃၀ ရက်တွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ Fortify Rights အဖွဲ့က ထုတ်ပြန်သည့် “စစ်ပွဲကြောင့် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးနေရသည့် ကချင်ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အထောက် အပံ့ ပေးအပ်မှုများ အပေါ် ကန့်သတ် ပိတ်ပင်မှုများကို အဆုံးသတ်ပေးပါ ”အစီရင်ခံစာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
Fortify Rights အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ အေမီစမစ်က“ကျမတို့က ဒီလိုမျိုး ကျူးလွန်မှုတွေ အတွက် စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ ICC ကို တောင်းဆိုတာ ဖြစ်တယ်။ ဒီလို ကျူးလွန်မှုတွေ၊ ရက်စက်မှုတွေက စစ်ရာဇဝတ်မှု မြောက်တာတွေ အတွက် ဖြစ်တယ်။ ဒီလိုရက်စက်မှု ကျူးလွန်မှုများကို တာဝန်ခံမှု ရှိစေဖို့၊ နောက် လူသားချင်း စာနာ ထောက်ထားမှု အကူ အညီတွေကို မရရှိခြင်းကလည်း စစ်ရာဇဝတ်မှု မြောက်တာကြောင့် ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
Fortify Rights အဖွဲ့၏ အစီရင်ခံစာ၌ သြဂုတ်၂၇ ရက်တွင် ကမ္ဘာ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က မြန်မာ အာဏာပိုင်များသည် ကချင်ပြည်နယ် အတွင်းရှိ အရပ်သား ပြည်သူများ ထံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ပေးအပ်မှုကို မကြာခဏ ဆိုသလို အကြောင်းမဲ့ ငြင်းဆန် ပယ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြောင်း ကိုးကား ဖော်ပြထားသည်။
ကမ္ဘာ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့သည် လွတ်လပ်၍ အမှီအခိုကင်းသည့် အဖွဲ့ဖြစ်ပြီး မြန်မာ့ ထိပ်တန်း စစ်ဗိုလ်ချုပ်များသည် ပြည်သူလူထု အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ် အတွင်းမှ စစ်ရာဇဝတ်မှုများ အတွက် တရားစွဲဆို အပြစ်ပေးမှုများကို ခံရထိုက်သည် ဟုလည်း ဆိုထားသည်။
“မြန်မာနိုင်ငံက ရှောင်လွှဲနိုင်တဲ့ နည်းလမ်းကတော့ အဆင့်တွေတော့ အများကြီး ရှိပါတယ်။ ပထမဆုံး အနေနဲ့က ဗိုလ်ချုပ် တွေက ICC အတွက် သူတို့အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိရမယ်။ အဲဒီလိုရှိမှသာလျှင် သူတို့လက်ရှိ လုပ်ဆောင်နေတဲ့ အပြု အမူတွေကို သူတို့အနေနဲ့ ပြောင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု အေမီစမစ် က ပြောဆိုသည်။
Fortify Rights အဖွဲ့၏ မြန်မာ့ လူ့အခွင့် အရေးကျွမ်းကျင်သူ ဒေးဗစ်ဗော့ခ် ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်း ဒုက္ခ သည် အရပ်သား ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ရရှိခံစားနိုင်မှု ကင်းမဲ့စေသည့် မြန်မာ အစိုးရ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံ တကာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေကိုပါ ချိုးဖောက်ရာ ကျသည်ဟု ပြောသည်။
Fortify Rights အစီရင်ခံစာ၌ မြန်မာအစိုးရသည် ပြည်တွင်းစစ်ကြောင့် အတင်းအဓမ္မ ရွှေ့ပြောင်း နေရာချထားခြင်း ခံရ သည့် သိန်း နှင့် ချီသော ကချင် အရပ်သား ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးအပ်မှုများ အပေါ် ၇ နှစ်ခန့်ကြာအောင် တားဆီး ပိတ်ပင်ခဲ့ကြောင်း ပါရှိသည်။
ထို့ပြင် အခြေခံနှင့် အသက်ကယ်ဆယ်ရေး အကူအညီများနှင့် အထောက်အပံ့များ မရှိခြင်းကြောင့် ရွှေ့ပြောင်း ဒုက္ခသည် အရပ်သား ပြည်သူများသည် အစားအစာနှင့် မရှိမဖြစ် အသုံးအဆောင်များ ရှာဖွေရယူနိုင်ရန် အတွက် ယာယီ စခန်းများ အပြင်သို့ ထွက်၍ ရှာဖွေကြရာ မြေမြှုပ်မိုင်းများ၊ လက်နက်ကိုင် ပဋိပက္ခများ၏ အန္တရာယ်၊ အကြောင်းမဲ့ ဖမ်းဆီး ထိန်းသိမ်း ခြင်းများနှင့် တရုတ်နိုင်ငံ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ရွှေ့ပြောင်းဒုက္ခသည်များ တွေ့ကြုံခံစားရကြောင်း ဖော်ပြ ထားသည်။
၂၀၁၈ ခုနှစ် မေလ ၂၁ ရက်တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ကချင်နှစ်ခြင်း ခရစ်ယာန် အသင်း တော် (KBC) ကို KIA ၏ ထိန်းချုပ်နယ်မြေ ဒေသများအတွင်း အထောက်အပံ့များ ပေးအပ်ခဲ့ခြင်းအတွက် မတရား အသင်း ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သော ပြစ်မှုမြောက်ကြောင်း စာတစောင် ပေးပို့ခဲ့သည်ဟု လည်း ယင်း အစီအရင်ခံစာတွင် ပါရှိသည်။
ကချင်ပြည်နယ် အစိုးရ ထိန်းချုပ် နယ်မြေများရှိ ရွှေ့ပြောင်းဒုက္ခသည် လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ ကူညီရန် အတွက် ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဇွန်လ အထိ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အေဂျင် စီများက တင်ပြ လျှောက်ထားခဲ့သော ခရီးသွားလာခွင့် လျှောက်ထားမှုပေါင်း ၅၆၂ ခုအနက် ၅ ရာခိုင်နှုန်းသာ မြန်မာ အစိုးရက ခြွင်းချက်မရှိ ခွင့်ပြုပေးခဲ့ပြီး KIA ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် သွားလာခွင့်ကို လျှောက်ထားရာတွင် သဘောတူ ခွင့်ပြုမှု နည်းပါးခဲ့သည်ဟု အစီရင်ခံစာ အရ သိရသည်။
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအောက်တွင် ပြုထားခဲ့သော ကတိကဝတ်များ အရ မြန်မာအစိုးရသည် နိုင်ငံအတွင်းရှိ ရွှေ့ပြောင်း ဒုက္ခသည်များ အတွက် အစားအစာ၊ ကျန်းမာရေး၊ နေအိမ်၊ ရေနှင့် ကျန်းမာသန့်ရှင်းရေးတို့အား လက်လှမ်းမီ ရရှိ ခံစားပိုင်ခွင့်ကို အကာအကွယ်ပေးရန်နှင့် မြှင့်တင်ပေးရန် တာဝန်ရှိကြောင်းလည်း အစီအရင်ခံစာက ဆိုထားသည်။
လူ့အခွင့်အရေး အဖွဲ့ တဖွဲ့ဖြစ်သည့် Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက“ဒါကတော့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ပါ။ သူတို့ ကိုယ်တိုင် စုံစမ်းထားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တွေ့ရှိချက်တွေလည်း ရှိတယ်။ ဒါကြောင့် ဒီလို ကျူးလွန်တယ်လို့ ယူဆနိုင်သော ယူဆသောသူတွေကို စုံစမ်း စစ်ဆေးဖို့ အတွက် တောင်းဆိုတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ တိုင်းပြည်မှာက ကျူးလွန်တဲ့သူတွေကို နိုင်ငံတကာ ဥပဒေ အရ အရေးယူနိုင်ဖို့ တရား ရုံးတွေ ဘာတွေ မရှိသေးဘူး။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာရှိတဲ့ စုံစမ်းစစ်ဆေးဖို့အတွက် ဘက်လိုက်မှု မရှိစေဖို့ အာမခံတဲ့ အနေအထားမျိုး မရှိဘူး။ ဒါကြောင့် နိုင်ငံတကာမှာ စုံစမ်းစစ်ဆေးသင့်တယ် ဆိုတဲ့အချက် ဖြစ်ပါတယ်”ဟုလည်း ပြောဆို သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်ဟီးလီကလည်း ကချင် ပြည်နယ် အတွင်းရှိ အရပ်သားများထံသို့ ကူညီထောက်ပံ့ ပို့ဆောင်မှုများကို ရည်ရွယ်ချက် ရှိရှိ ဟန့်တား နှောင့်ယှက်သော လုပ်ဆောင်ချက်တိုင်းသည် နိုင်ငံတကာဥပဒေ အရ စစ်ရာဇဝတ်မှုမြောက်သည်ဟု ဆိုနိုင်ကြောင်း မေလ ၁ ရက်နေ့တွင် ထောက်ပြ ပြောဆိုထားသည်။
ယခုနှစ် ဧပြီလ ၂၃ ရက်နေ့ကလည်း အရပ်သား ပြည်သူများထောင်နှင့် ချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ပဋိပက္ခဇုန် ရှိ အများအပြား ပိတ်မိနေသော တနိုင်းမြို့နယ် အတွင်း တပ်မတော်၏ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်း ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြည်တွင်းနှင့် ပြည်ပမှ ကချင် တိုင်းရင်းသား အသိုင်းအဝိုင်းများက တောင်းဆို ထား ကြသည်။
ယင်း တောင်းဆိုချက်ကို ပြည်တွင်း ပြည်ပရှိ ကချင် အဖွဲ့အစည်း ၃၂ ဖွဲ့က လက်မှတ်ရေးထိုး၍ ဧပြီလ၂၃ ရက်က ကုလသမဂ္ဂ လုံခြုံ ရေး ကောင်စီ အဖွဲ့ဝင်များသို့ ပေးပို့ခဲ့သော စာတစောင်တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ICC သို့ လွှဲပြောင်းမည့် ဆုံးဖြတ်ချက် တခုကို ထောက်ခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
Fortify Rights အဖွဲ့၏ အစီရင်ခံစာသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရွှေ့ပြောင်း ဒုက္ခသည် အရပ်သား ပြည်သူ များ၊ ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့ပေးရေး လုပ်သားများ၊ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ချုပ်၏ အရာရှိကြီးများ၊ KIO နှင့် KIA စစ်သားများနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းမှုပေါင်း ၁၉၅ ခုကို အဓိ က အခြေခံ ထားခြင်း ဖြစ်ကြောင်း သိရသည်။
Fortify Rights သည် အမေရိကန် နှင့် ဆွစ်ဇာလန် နိုင်ငံ၌ မှတ်ပုံတင်ထားပြီး အရှေ့တောင် အာရှတွင် အခြေစိုက်သော လွတ်လပ်၍ အမှီအခို ကင်းသည့် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ဖြစ်ကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။