ရန်ကုန်မြစ်အရှေ့ဘက် မိုင် ၃၀ အကွာတွင် ပိုင်ရှင်မဲ့ သောင်တင်နေသည့် ကုန်တင် သင်္ဘောနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ယနေ့ ရက်စွဲဖြင့် ပေးပို့သော ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၏ စာပါအချက်များအရသိရသည်။
ယင်းအချက်အလက်များတွင် အဆိုပါ သင်္ဘော၏ အမည်မှာ SAM RATULANGI ဖြစ်ကြောင်းသိရပြီး ရန်ကုန်မြစ်အရှေ့ဘက် မိုင် ၃၀ အကွာ စစ်တောင်းမြစ်ဝ (ခန့်မှန်း) တွင် ယခုလ ၂၇ ရက်နေ့ညပိုင်း ရာသီဥတု ဆိုးဝါးချိန် သောင်တင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
“ရရှိသော သတင်းများအရ သင်္ဘောပေါ်တွင် သင်္ဘောသားများ၊ ကုန်နှင့် ဆီများ ပါဝင်ခြင်းမရှိကြောင်း သိရပါသည်” ဟု ဆိုသည်။
International Maritime Organization (MOI) Website မှ ရရှိထားသော အချက် အလက်များ အရ အဆိုပါ သင်္ဘောမှာ အင်ဒိုနီးရှားနိုင်ငံမှတ်ပုံတင်မှ Palau မှတ်ပုံတင်သို့ ယခုနှစ် ဇူလိုင်လတွင် ပြောင်းလဲ မှတ်ပုံတင်ထားကြောင်း တွေ့ရှိရသည်ဟုလည်း သိရသည်။
အဆိုပါ သင်္ဘောနှင့် ပတ်သက်ပြီး သုံးခွမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဆီက လူကြီးတွေ သွားရောက် စစ်ဆေးမှုတွေလုပ်နေပါတယ်။ သူတို့ပြန်လာမှဘဲ အခြေအနေကို ရှင်းပြနိုင်မှာပါ။ လောလောဆယ်ကတော့ ဘာမှ မပြောနိုင်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သီးခြားရှာဖွေတွေ့ရှိချက်များအရ အဆိုပါ သင်္ဘောသည် ၂၀၀၁ ခုနှစ်က ထုတ်လုပ်ထားပြီး တန်ချိန် သောင်းရှစ်ထောင်ကျော် ဆန့် ကုန်တင်သင်္ဘောဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို အခြေပြုထားသည်ကိုတွေ့ရသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာထဲတွင် “ယခုဖြစ်စဉ်မှာ အခြားသင်္ဘောတစီးမှ ဆွဲယူလာခြင်းဖြစ်နိုင်ပြီး မျောပါ၍ ကမ်းခြေသို့ တင်ခဲ့ခြင်း သို့မဟုတ် ရည်ရွယ်ချက်ဖြင့်မျှောခဲ့ကြောင်း သို့မဟုတ် ဆွဲယူမရသဖြင့် စွန့်ပစ်ခဲ့ကြောင်း ဖြစ်နိုင်သည်” ဟု ဆိုထားသည်။
သို့သော်လည်း သင်္ဘော အမည်နှင့် အချက်အလက်များ မှန်ကန်ကြောင်း အတည်ပြုပြီးသည့်အခါ သင်္ဘော မှတ်ပုံတင်နိုင်ငံ၏ အဖွဲ့အစည်း (ရေကြောင်းအာဏာပိုင်)နှင့် သင်္ဘောပိုင်ရှင်တို့အား ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းပေးပို့ အကြောင်းကြားမည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါ ပိုင်ရှင်မဲ့ဖြစ်နေသော သင်္ဘောတစီး သောင်တင်နေမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် မြန်မာလူထုကြား လုံခြုံရေးစိုးရိမ်ကြောင်း ပြောဆို ဝေဖန်နေမှုများတွေ့ရပြီး အချို့က သင်္ဘောပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အရာများ ရှိမရှိ သိလိုကြောင်း ပြောဆိုနေကြသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာထဲတွင် “သင်္ဘောသောင်တင်သည့် နေရာအနီးတွင် အန္တရာယ်ရှိကြောင်းကို ရေကြောင်း သတိပေးကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်သည်။ ရေထုညစ်ညမ်းမှု ပေါ်ပေါက်ခြင်းရှိမရှိ စစ်ဆေးပြီး လိုအပ် သကဲ့သို့ ဆက်လက်ဆောင်ရွက်သွားပါမည်” ဟု လည်းဖော်ပြပါရှိသည်။
ထို့အပြင် သင်္ဘောပိုင်ရှင်နှင့် ဆက်သွယ်မှုရရှိပါက သင်္ဘောအား အမြန်ဆုံး ဆယ်ယူနိုင်ရေးအတွက် မြန်မာကုန်သည် သင်္ဘော ဥပဒေနှင့် အညီ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟုဆိုသည်။