ဗုဒ္ဒဟူးနေ့ ညပိုင်းက မန္တလေးနှင့် ကျောက်ဆည်မြို့နယ်တွင် ဓားကိုင်လုယက်မှုဖြစ်ပွားခဲ့ရာ ကျောင်းသားတဦးသေဆုံးပြီး နောက်ထပ်လူတဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအကြား တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် အစိုးရနည်းပညာသိပ္ပံတွင် နောက်ဆုံးနှစ် ပညာသင်ယူနေသူ အသက် ၁၉ နှစ်အရွယ်ရှိ ကိုနေမင်းထက်သည် ၎င်း၏မိုဘိုင်းဖုန်းဖြင့် ဂိမ်းကစားရင်း သူငယ်ချင်းတဦးနှင့် မော်တော်ဆိုင်ကယ်စီးနင်းလာရာ လူ ၃ ဦးက ဖုန်းလုယူရန် ကြိုးစားခဲ့ကြသည်။
၎င်းတို့မော်တော်ဆိုင်ကယ်လဲကျသွားပြီး လူ ၃ ဦးက ဆက်လက်တိုက်ခိုက်ခဲ့ရာ ကိုနေမင်းထက်မှာ ဓါးဖြင့်ထိုးသတ်ခံရပြီး သူ့သူငယ်ချင်းမှာ ဒဏ်ရာရရှိသွားခဲ့သည်။
“နေမင်းထက်နဲ့သူ့သူငယ်ချင်းက ဓားကိုင်လုတဲ့သူတွေကို ဖုန်းမလုဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ဓားကိုင်လုတဲ့သူတွေက သူ့ကို ရိုက်ပုတ်ကန်ကျောက်ပြီး ဓားနဲ့ထိုးတဲ့အတွက် သေဆုံးသွားရပါတယ်” ဟု ကွယ်လွန်သူ ကိုနေမျိုးထက်၏ဦးလေး ဦးတိုးဝေဖြိုးက ဧရာဝတီသို့ ပြောသည်။
ကိုနေမင်းထက်သည် နေပြည်တော်မှဖြစ်၍ ၎င်းမိဘများ ယခုအခါ ကျောက်ဆည်မြို့သို့ လိုက်လာကြပြီး ရုပ်ကလပ်ကို နေအိမ် ပြန်လည်သယ်ယူကြသည်။
ဓားကိုင်လုယက်သတ်ဖြတ်သူများဖြစ်သည့် မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့ကို ဖမ်းဆီးထားပြီး ကျူးလွန်ခဲ့မှုများအပေါ် ရဲက စစ်ဆေးမေးမြန်းနေကြောင်း ကျောက်ဆည်ရဲစခန်းမှ စုံစမ်းသိရှိရသည်။
သို့ရာတွင် အခင်းဖြစ်စဉ်မှာ လုယက်ရန် ကြံရွယ်ခြင်းမဟုတ်ဘဲ လူငယ်ချင်း အချင်းများပြီးနောက် တိုက်ခိုက်သတ်ဖြတ်သည်အထိ ဦးတည်သွားခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်အရ ရဲက ပြောကြားသည်။
ယင်းသို့ လူသတ်မှုဖြစ်စဉ်မှာ ကျောက်ဆည်မြို့တွင် ကြုံတောင့်ကြုံခဲဖြစ်ပြီး ယခုအခါ မိမိတို့၏ကလေးသူငယ်များ ညဖက်ထွက်မည်ကို စိုးရိမ်နေရကြောင်း ကျောက်ဆည်မြို့ခံများက ပြောပြကြသည်။
“မိုဘိုင်းလ်ဖုန်းနဲ့ မော်တော်ဆိုင်ကယ် လုယက်မှုဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ လူငယ်တွေ ရန်ဖြစ်တာလည်း ကျနော်တို့ တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် မနေ့ညက ဖြစ်စဉ်ကတော့ ရက်စက်လွန်းတယ်လို့ ကျနော်တို့ခံစားရပါတယ်။ ကျနော်တို့ကလေးတွေကို ညဖက် လမ်းထွက်ရတာ စိတ်မချရတော့ဘူး” ဟု ကျောက်ဆည်မြို့ခံ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးကိုကိုလွင်က ပြောသည်။
တညတည်းမှာပင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် လူတဦးကို လည်ပင်းကို ဓားဖြင့်လှီး၍ မော်တော်ဆိုင်ကယ် လုယူမှုဖြစ်ပွားခဲ့သည်။
အသက် ၄၄ အရွယ်ရှိ ကိုကျော်ဦးသည် ဆိုင်ကယ်ရပ်တန့်ပြီး ထိုင်နေရင်း မိုဘိုင်းလ်ဖုန်းပြောနေစဉ် အမည်မသိ လူတဦး ချဉ်းကပ်လာပြီး ၎င်း၏ လည်ပင်းကို ဓားဖြင့်လှီးပြီး မော်တော်ဆိုင်ကယ်ကို လုယူ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
ကိုကျော်ဦးကို မန္တလေးဆေးရုံကြီးသို့ တင်ပို့ ကုသထားရပြီး စိုးရိမ်ရဆဲ အခြေအနေရှိကြောင်း ရဲက ပြောသည်။
“ ကျနော်တို့ တရားခံ ဖမ်းဆီးနိုင်ရေး ကြိုးစားနေပါတယ်။ ဒီအမှုကို မဟာအောင်မြေရဲစခန်းမှာ လုယက်မှု၊ အပြင်းအထန် နာကျင်စေမှုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ထောင်ဒဏ်ချမှတ်သည်အထိ ပြစ်ပေးနိုင်တဲ့ပုဒ်မတွေနဲ့ပါ” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် မှုခင်းအရေအတွက် သိသိသာသာ တိုးပွားလာခြင်း မရှိကြောင်း ဆိုသော်လည်း လုယက်သည့် နည်းဗျူဟာနှင့် ဒဏ်ရာရရှိအောင် တိုက်ခိုက်မှုတို့မှာ ပိုမိုကြမ်းကြုတ် ရက်စက်လာကြောင်း ရဲများက ဝန်ခံပြောဆိုကြသည်။
“မှုခင်းဖြစ်ပွားနှုန်းက သိသိသာသာ တိုးပွားလာတာ မရှိပေမယ့် ရာဇဝတ်မှု ကျူးလွန်တဲ့သူ နည်းလမ်းတွေက အကျူးလွန်ခံသူတွေအပေါ် ပိုရက်စက်လာတယ်။ လူမှုကွန်ရက်မီဒီယာက သတင်းပျံ့နှံ့မှုနှုန်းကလည်း ပိုမြန်လာတော့ လူသိမြန်လာပြီး လူထုထဲမှာ အရင်ကထက် စိုးရိမ်မှု ပိုလာစေပါတယ်” ဟု ရဲမှူးမျိုးအောင်က ရှင်းပြသည်။
မကြာသေးမီ လပိုင်းကလည်း မိုဘိုင်းလ်ဖုန်း၊ ငွေကြေး (သို့မဟုတ်) မော်တော်ဆိုင်ကယ် လုယက်ကြသူများသည် လုယက်ခံရသူများကို အပြင်းအထန် နာကျင်စေခြင်း(သို့မဟုတ်) သေဆုံးသည်အထိ တိုက်ခိုက်ခြင်းစသည်ဖြင့် ရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းများကို ပိုသုံးလာကြသည်။
ယခုလ အစောပိုင်းတွင် အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို သေနတ်သမားတဦးက လုယက်ရန်ကြိုးစားကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းအမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ အမျိုးသားမှာ ဆေးရုံတင်ပို့၍ ကုသမှုခံယူခဲ့ရသည်။ အဆိုပါသေနတ်သမားကို ဒေသခံများကို ဝိုင်းဝန်းဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ကြသည်။ ယင်းနောက် ၎င်းကို တရားရုံးထုတ်ကာ လုယက်မှုနှင့် သတ်ဖြတ်မှုအတွက် စွဲချက်တင်ခဲ့သည်။
“မန္တလေးတင်မကဘဲ တခြားဒေသမတွေမှာလည်း လူထုအတွက် စိတ်မချနိုင်စရာဖြစ်လာရပါတယ်။ အထူးသဖြင့် ညဘက်သွားလာတဲ့အခါမှာပါ။ ကျနော်တို့ကို အီးဂဲလ်စီမံချက်နဲ့ မူးယစ်ဆေးတားဆီးမှုနဲ့ပြစ်မှုကျဆင်းရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။ လူထု လုံခြုံစိတ်ချရဖို့ ပိုမိုလုပ်ဆောင်နေပါတယ်” ဟု ရဲမှူးမျိုးအောင်က ပြောကြားခဲ့သည်။
( အင်္ဂလိပ်ဘာသာဖြင့် Violent Crimes Shake Mandalay Townships တွင် ဖတ်ရှုပါ။)