ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သက်ဆိုင်ရာကိစ္စများကို မကြာသေးမီက စတင် စုံစမ်း စစ်ဆေးနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ပြောကြားလိုက်သည်။
တပ်မတော်သည် ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ကော်မရှင် အဖွဲ့ဝင်များနှင့်နေပြည်တော်တွင် တွေ့ဆုံစဉ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်က ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အထောက်အထားများကို မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံသော သံတမန် အကြီးအကဲ အားလုံးကို ပေးခဲ့သည်ဟု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
သို့သော်လည်း နိုင်ငံတကာ အသိုင်းအဝန်းသည် ရခိုင်ပြည်နယ် အခြေအနေမှန်နှင့် ပတ်သက်ပြီး နားလည်မှု အားနည်းသည်ဟု တပ်မတော်ကမြင်ကြောင်း သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA တိုက်ခိုက်မှုနောက်ပိုင်း မြန်မာ လုံခြုံရေး တပ်များနှင့်ပတ်သက်သော စွပ်စွဲချက်များနှင့် ဆက်စပ် ပြဿနာများအပေါ် စုံစမ်းစစ်ဆေးမှုများကို အဖွဲ့ဝင် လေးဦးပါကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။
ထိုကော်မရှင်သည် ဝန်ကြီးများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သြဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများကို အထောက်အထားအပေါ် အခြေခံ၍ ပြုလုပ်မည်ဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့ အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင် သံတမန် ရိုဆာရီယို မာလာနိုက ပြောသည်။
တပ်မတော်နှင့် တွေ့ဆုံပြီးနောက် ကော်မရှင်အဖွဲ့ဝင်များသည် သြဂုတ်လ ၃၀ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော် အတိုင်ပင်ခံနှင့် ထပ်မံတွေ့ဆုံခဲ့သည်။
ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်ခြင်းမှာ ပြည်တွင်းရေးကို ပြည်ပက ဝင်ရောက် စွက်ဖက်ခြင်းဖြစ်သည်ဟု တပ်မတော်၏ ကိုယ်စားလှယ်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစောပိုင်းက ယူဆခဲ့ သောကြောင့် ကန့်ကွက်ခဲ့ဖူးသည်။
ယခုနှစ် မေလဆန်းပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပြီး ရက်စက်ကြမ်းတမ်းမှု စွပ်စွဲချက်များ အတွက် မြန်မာနိုင်ငံက စနစ်တကျ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရမည်ဟု ပြောဆိုခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်း စစ်ဆေးရန် ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်း ဖြစ်သူ ရိုဆာရီယို မယ်နာလို ဦးဆောင်သော ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့သည်။
တပြိုင်နက်တည်းတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က သိန်းချီသော မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက် သွားစေသည်ဟူ သော စွပ်စွဲချက်အတွက် မြန်မာနိုင်ငံအပေါ် အမှုဖွင့်ရန် သင့်မသင့် စဉ်းစားရာတွင် ပူးပေါင်းဆောင်ရွက်မည် မဟုတ် ကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။
တပ်မတော် ခေါင်းဆောင်များအား “လူမျိုးတုံး သတ်ဖြတ်မှု” ဟု စွပ်စွဲကာ စွဲချက်တင်ရန် တောင်းဆိုသော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ အမည်များကို ဖော်ပြထားသည်။