ဘင်္ဂါလီများအား နိုင်ငံသား စိစစ်ခံမည့်သူ၏ သက်သေခံ ကတ်ပြား (NVC) ကတ် ကိုင်ဆောင်ရန် လျှောက်ထားသူ နည်းနေခြင်းမှာ အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကြောင့်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန မှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။
သြဂုတ် ၃၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေး၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ပြန်လည် ရှင်းလင်းစဉ် ပြောကြား ခြင်း ဖြစ်သည်။
ဦးသိန်းဆွေက “NVC ကတ် လျှောက်ထားဖို့ ကျန်နေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ အစွန်းရောက်များရဲ့ ဆန့်ကျင် ကန့် ကွက်မှုများကို နားယောင်ခြင်း၊ ခြိမ်းခြောက်မှု လုပ်ကြံ သတ်ဖြတ်မှုများအား ကြောက်ရွံ့ခြင်း၊ နိုင်ငံသား စိစစ်ခံရသည့် ယာယီ သက်သေ ခံ လက်မှတ်များ NVC ကတ်အစား နိုင်ငံသား အဖြစ် နိုင်ငံသား စိစစ်ရေး ကတ်ပြားကိုသာ ထုတ်ပေးရန် တောင်းဆိုနေခြင်းကြောင့် ကတ်လျှောက်ထား ဆောင်ရွက်ခြင်း အားနည်းနေကြောင်း တွေ့ရပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၀၁၈ ခုနှစ် သြဂုတ်လ၂၈ ရက်ထိ နိုင်ငံသား သက်သေခံ ကတ်ပြား ထုတ်ပေးပြီးသူ စုစုပေါင်း ၁၆၃၉၅ ဦး ရှိကြောင်း ဦးသိန်းဆွေက ပြောသည်။
အဆိုပါ NVC ကတ် ကိုင်ဆောင်သူများမှာ နိုင်ငံသူ၊ နိုင်ငံသား ဖြစ်ခွင့်ရသူ ဟုတ်/မဟုတ် ဗဟိုအဖွဲ့၏ အဆုံးအဖြတ် ခံယူရန် လျှောက် ထားလာမည် ဆိုပါက နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အတိုင်း ဥပဒေနှင့် အညီ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးသိန်း ၎င်းက ဆွေးနွေးသွားသည်။
NVC (National Verification Card-NVC) ကတ် လက်ဝယ် ရရှိထားသူအား မြန်မာနိုင်ငံ အတွင်း နေထိုင်သူဟု အသိအမှတ် ပြုရုံသာ ရှိပြီး နိုင်ငံသား အဖြစ် အသိအမှတ် ပြုခံယူရမည့် သူများလည်း ဖြစ်ကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်း ခံထားရသူများ အနေဖြင့် သက် ဆိုင်ရာ မြို့နယ်အတွင်းသာ လွတ်လပ်စွာ သွားလာခွင့် ရှိမည်ဖြစ်ကာ နိုင်ငံအနှံ့ သွားလာခြင်းကိုမူ ခွင့်မပြုထားကြောင်း သိရသည်။
လက်ရှိ နိုင်ငံ တဝှမ်းလုံး၌ ယာယီ သက်သေခံ လက်မှတ် အပ်နှံမှု စုစုပေါင်း ၄၆၉,၁၈၃ ခု ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန် လ ၁ ရက်မှ ၂၀၁၈ ခုနှစ် သြဂုတ်လ၂၈ ရက် ထိ စုစုပေါင်း ၆၅,၄၀၈ ဦးကို NVC ကတ် ထုတ်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
ထို့ပြင် လျှောက်ထားရန် ကျန်ရှိနေသူ အများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်၌ ယာယီ သက်သေခံ လက်မှတ် အပ်နှံသူ စုစု ပေါင်း ၃၉၇,၄၉၇ ဦး ရှိကြောင်းကို ဆက်လက် ပြောကြားသည်။
ရခိုင်အမျိုးသား ပါတီ (ANP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက NVC ကတ် ကိုင်ဆောင်ရန် အတွက် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိရန်၊ နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန်နှင့် ရိုဟင်ဂျာ ဟူသည့် အမည် ပေးရမည် စသည့် အချက်များကို အကြပ်ကိုင်၍ တောင်းဆိုမှုများ ရှိနေကြောင်း ထိုကဲ့သို့ လိုက်လျောမှု မရှိပါက မလာဘူး ဟူသည့် အသံများ ကျယ်ကျယ် လောင်လောင် ပြောဆိုမှုများ ရှိနေကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
၎င်းက “တိုင်းရင်းသားထဲမှာ မပါတဲ့ နာမည်တခုကို သူတို့က ရဖို့ ကြိုးစားနေတယ်။ အရင် သန်းခေါင်စာရင်း ကောက်ကတည်းက ဒီနာ မည်ကို မထည့်ရရင် မယူဘူး ဆိုပြီးတော့ သူတို့က လုံးဝ ငြင်းခဲ့တယ်။ ဘာလူမျိုးလဲလို့ မေးလိုက်ရင် ရိုဟင်ဂျာ၊ အဖေနာမည် ဘယ်လို ခေါ်လဲ မေးလိုက်ရင် ရိုဟင်ဂျာ အမေနာမည် မေးလိုက်ရင် ရိုဟင်ဂျာ။ အဲဒီတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို စွဲအောင်လုပ်ထားတာ” ဟု ဆိုသည်။
NVC ကတ် ကိုင်ဆောင်နိုင်ရန် အတွက် မြန်မာ၊ အင်္ဂလိပ်၊ ဘင်္ဂါလီ ဘာသာ ၃ မျိုးပါ လက်ကမ်း စာစောင်များ၊ မေယု အသံလွှင့် အစီ အစဉ်များနှင့် အသိပေးလျက်ရှိပြီး NVC ကတ် ကိုင်ဆောင်ပြီးမှ နိုင်ငံသား စိစစ်ဆေးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လာစေရန် ဌာန အနေဖြင့် အလေးထား တိုက်တွန်းထားကြောင်း ဦးသိန်းဆွေက လွှတ်တော်၌ ထည့်သွင်း ဆွေးနွေးခဲ့သည်။