ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်းနှင့် ကျောက်ကြီးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး လူ ၄ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးနေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူများထဲတွင် အသက် ၄၃ နှစ်အရွယ် ကိုယ်ဝန်သည် ဒေါ်စိုးသန်း၊ အသက် ၁၇ နှစ်အရွယ် မောင်ကျော်လေး၊ အသက် ၃၈ နှစ်အရွယ် ဦးတင်မျိုးအောင်၊ အသက် ၄၆ နှစ်အရွယ် ဦးစိုးလေးတို့ဖြစ်ကြောင်း သိရပြီး ပျောက်ဆုံးသူများထဲတွင် ခလရ ၈၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး မြတ်စံ၊ အသက် ၁၁ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်သူရဇော်နှင့် ၁၂ ဘီးယာဉ်မောင်းတဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါရေဘေးကြောင့် စာသင်ကျောင်းပေါင်း ၃၁၉ ကျောင်း ခေတ္တပိတ်ထားရပြီး ထိုအထဲတွင် အထက်တန်းကျောင်း ၂၆၉ ကျောင်း၊ အလယ်တန်းကျောင်း ၇၅ ကျောင်း၊ မူလတန်းကျောင်း ၁၃ ကျောင်း ပါဝင်သည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်းနှင့် ကျောက်ကြီးမြို့နယ်တို့မှ စုစုပေါင်း အိမ်ထောင်စု ၆၄၄၄ ခုမှ လူဦးရေ ၃၁၆၃၃ ဦး ရေဘေးသင့်ခဲ့ရပြီး ကယ်ဆယ်ရေး စခန်း ၈၅ ခုတွင် ခိုလှုံနေကြရကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာချောင်းရေလှောင်တမံသည် ယခုလ ၂၉ ရက်နေ့ မနက်ပိုင်းက ရေပိုလွှဲ ယာဘက်အခြမ်း ပဲကျခဲ့ရာမှ ဆယ်အောက်ရှိ ကျေးရွာများနှင့် လယ်မြေများ ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရခြင်းဖြစ်သည်။
အလားတူ ရန်ကုန် – မန္တလေးအမြန်လမ်းသစ်ပေါ်က ဆွာချောင်းတံတား တခြမ်းလည်း နိမ့်ကျသွားခဲ့၍ ယာဉ်အသွားအလာများ ပိတ်ထားပြီး ပြုပြင်နေလျက်ရှိသည်။ ကျန်တခြမ်းမှ ယာဉ်များကို ပို့လွှတ်ခဲ့ရသည်။ အမြန်လမ်းဟောင်းမှာလည်း ရေလွှမ်းမှုဒဏ် ခံခဲ့ရ၍ ယာယီပိတ်ပင်ခဲ့ရသေးသည်။
ပဲခူးတိုင်း အုတ်ဖိုမြို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် လူတဦး သေဆုံးပြီး ရေဆင်းချိုးရင်း ရေစီးနှင့် မျောပါသွားသော ဆယ်တန်းကျောင်းသား တဦးပျောက်ဆုံးနေသည်။
ထို့အတူ စာသင်ကျောင်း ၂၅ ကျောင်းကို ယာယီပိတ်ထားရသလို အုတ်ဖိုမြို့ပေါ်ရှိ ရက်ကွက် ၆ ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ စုမှ ရွာပေါင်း ၃၂ ရွာရေနစ်မြုပ်ခဲ့ရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး က ဧရာဝတီသို့ ပြောသည်။
အလားတူ အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံအတွင်း ရေများဝင်ရောက်သဖြင့် လူနာများအား သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ရေလွတ်ရာ အဆောက်အအုံသစ်သို့ ရွှေ့ပြောင်းခဲ့ရပြီးအတွင်းလူနာ ၁၁၆ ဦးတွင် အခြေအနေကာင်းမွန် သက်သာသည့်လူနာ ၆၉ ဦးကို ဆေးရုံဆင်းပေးပြီး ၄၇ ဦးကို ရွှေ့ပြောင်းပေးခဲ့ရပြီး၊ အုတ်ဖိုမြို့နယ် မြို့မရဲစခန်း ဗဟိုကင်းရှိ အချုပ်သား ၁၆ ဦးနှင့် မ တဦးကိုလည်း ရေလွတ်ရာနယ်မြေရဲကင်းသို့ ပြောင်းရွှေ့ထားရကြောင်းသိရသည်။
ဆက်စပ် ဖတ်ရှုရန် – လူအသေအပျောက်ရှိသည့် အုတ်ဖိုရေကြီးမှု စာသင်ကျောင်းများ ပိတ်ထားရ
ဆွာတမံ ရေလျှံမှု လူသောင်းချီ ရေဘေးသင့်၍ အသေအပျောက်ရှိ