မွန်ပြည်နယ်ရှိ အတ္ထရံ တံတားကို ကားနှင့် တိုက်မိပြီး မောင်းပြေးသွားသော နယ်ခြားစောင့်တပ် (BGF) က ဗိုလ် အဆင့် ရှိသူအား ဖမ်းဆီးထားကြောင်း မော်လမြိုင် စက်မှုဇုန် နယ်မြေ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
သြဂုတ် ၃၁ ရက် နံနက် စောစောပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်း ညီနောင်ကျေးရွာမှ နယ်ခြားစောင့်တပ်၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့မှ ဗိုလ်အဆင့်ရှိသူ စောရှမ်းလေးသည် တိုယိုတာ ဟိုင်းလပ် ဗီဂိုး အဖြူရောင်ကားဖြင့် ဘားအံ ဘက်မှ မော်လမြိုင် ဘက်သို့ မောင်းလာစဉ် မော်လမြိုင်မြို့ရှိ အတ္ထရံ တံတား၏ ဘေးတန်း နံရံကို ဝင်တိုက်မိပြီး နောက် မောင်းပြေးခဲ့ခြင်း ဖြစ်သည်။
စက်မှုဇုန် နယ်မြေ ရဲစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက“အဲဒီအချိန်မှာ မိုးကဖွဲဖွဲ ကျနေတာ။ စလစ်ဖြစ်တာကို ဘရိတ်ဆွဲ ညှစ် လိုက် တော့ တပတ်လည်ပြီး ဝင်တိုက်မိတာ။ သူပြန် မောင်းလာတော့ တံတားက ရဲက တားတာကို မရပ်ဘဲနဲ့ မောင်းချ သွား တယ်။ အဲဒါ လိုက်ပိတ်တာ ဇာသပြင်မှာ မိတယ်”ဟု ဧရာဝတီကို ပြောသည်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ဘားအံမြို့ဘက်သို့ မောင်းနှင် ထွက်ပြေးခဲ့သဖြင့် စက်မှုဇုန် စစ်ဆေးရေးဂိတ်မှ ဒု ရဲအုပ် သက်နောင်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးခဲ့ရာ အဆိုပါ ယာဉ်နှင့် အတူ ယာဉ်မောင်း စောရှမ်းလေးနှင့် BGF တပ်သား ဉာဏ်လင်းဖြိုး ဆိုသူတို့ကို ဇာသပြင် တံတား (မော်လမြိုင်ဘက်ခြမ်း) ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု လည်း ၎င်းက ရှင်းပြသည်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့၍ အတ္ထရံ တံတား၏ ဘေးတန်းသံပိုက် ၄ ခန်း ပျက်စီးသွားသဖြင့် ပျက်စီးဆုံးရှုံးခဲ့သော ကာလ တန်ဖိုး ငွေ ၄ သိန်းကျပ် ကိုလည်း စောရှမ်းလေးက လျော်ပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ယာဉ်ပေါ်တွင် ပစ္စတို သေနတ် ၁ လက်နှင့် ကျည် ၁၇ တောင့်၊ ကျည်တောင့် ၄၃ တောင့် ပါသော M-16 ကျည် ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ M-16 ဘက်နက် ၁ လက်နှင့် အီကွေးမန့် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ လက်နက်များသည် သက်ဆိုင်ရာ တပ်ရင်း၏ လက်နက် ဟုတ်မဟုတ်ကို စစ်ဆေးနေကြောင်း ရဲအုပ် နိုင်နိုင်ဝင်းက ပြော သည်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် စောရှမ်းလေးကို စက်မှုဇုန် နယ်မြေ ရဲစခန်းတွင် ယာဉ် (ပ) ၂/၂၀၁၈၊ မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ထားသည့် အပြင် ယာဉ်အား မှတ်ပုံတင်ထားခြင်း ရှိမရှိကို ကုန်း လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မော်လမြိုင်ရုံး) မှ စစ်ဆေးခဲ့ရာ ယာဉ်မှတ်ပုံတင်ထားခြင်း မရှိဘဲ လိုင်စင်မဲ့ ယာဉ် ဖြစ်နေခြင်းကြောင့် ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ထပ်မံ အမှုဖွင့်ခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။