ကယားပြည်နယ် မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်ရန် ပြည်နယ်အစိုးရ၏ အစီအစဉ်ကို ဆန့်ကျင်သော ဇူလိုင်လက ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော ကရင်နီ လူငယ် တက်ကြွလှုပ်ရှားသူ ခြောက်ဦးတို့ကို တရားရုံးက သြဂုတ်လ ၂၉ ရက်နေ့က အာမခံပေးလိုက်သည်။
ထိုလူငယ် ခြောက်ဦးအနက် နှစ်ဦးတို့ကို လွန်ခဲ့သော တပတ်ကပင် လွှတ်ပေးခဲ့ပြီး ကျန်လေးဦးကို သြဂုတ်လ ၂၉ ရက်နေ့တွင် ထပ်မံလွတ်ပေးခြင်း ဖြစ်သည်ဟု ဒေသ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ဒေသအာဏာပိုင်များသည် ပြည်နယ်မြို့တော်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု တည်ဆောက်ရန် ပြည်နယ်အစိုးရ၏ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြသူ စုစုပေါင်း ၂၃ ဦးကို တရားစွဲဆိုခဲ့သည်။ ထိုတရားစွဲဆို ခံရသူများအနက် အများစုကို တရားစွဲပြီးနောက် အာမခံပေးခဲ့သော်လည်း ထိုလူငယ် ခြောက်ဦးက အမှုကိုအချုပ်တွင်းမှ ရင်ဆိုင်မည်ဟုဆိုကာ အာမခံ လျှောက်ထားခြင်းမရှိခဲ့ပေ။
သို့သော် ထောင်တွင်းတွင် နှစ်လခန့်ကြာသောအခါ ထိုလူငယ် ခြောက်ဦးတို့က အမှုကို အချုပ်တွင်းမှ ရင်ဆိုင်ရာတွင် အခက်အခဲများ ရှိသည်ဟုပြောကြားပြီး အာမခံ လျှောက်ထားကာ ထောင်ပြင်ပမှ အမှုကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မြို့နယ် ငါးခုက ၎င်းတို့ကို ရာဇဝတ်ဥပဒေ ပုဒ်မ နှစ်ခုဖြင့် တရားစွဲထားသည်ဟု လွှတ်ပေးခံရသော လူငယ်လေးဦးအနက် တဦးဖြစ်သူ ဒီးဒီက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ဆန္ဒပြပွဲမတိုင်မီ စာရွက်စာတမ်းများ ဖြန့်ဝေသောကြောင့် ၎င်းတို့ကို ပုဒ်မ ၅၀၅ (ခ) နှင့် (ဂ) တို့ဖြင့် တရားစွဲဆိုပြီး ဆန္ဒပြပွဲအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နှင့် ၂၀ တို့ဖြင့် စွဲဆိုသည်။ ထိုစွဲချက် အများစုကို လွိုင်ကော် မြို့နယ်က စွဲဆိုခြင်းဖြစ်သည်။
“မြို့နယ် ငါးမြို့နယ်က တရားရုံးတွေကို နေ့တိုင်းလိုလို သွားနေရတယ်။ ခရီးသွားရတာက ခက်တယ်။ ကျနော်တို့လည်း အရမ်း ပင်ပမ်းတယ်။ အချုပ်ခန်းကလည်း အရမ်းကျဉ်းတယ်။ ဒါကြောင့်မို့လို့ အာမခံယူပြီး အပြင်ကနေ အမှုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု ဒီးဒီ ကပြောသည်။
ထိုသို့ စွဲဆိုထားသော မြို့နယ်များမှာ လွိုင်ကော်၊ ဒီမောဆို၊ ဖရူးဆိုး၊ ရှားတောနှင် ဖားဆောင်း မြို့နယ်များဖြစ်သည်။
၎င်းတို့သည် စောစောပိုင်းကပင် အာမခံယူရန် ဆုံးဖြတ်ခဲ့သော်လည်း အာဏာပိုင်များက ဆန္ဒပြပွဲကို ဦးဆောင်သူ မဟုတ်သူများ အပါအဝင် လူအများအပြားကို ထပ်မံဖမ်းဆီးနေကြောင်း သတိထားမိသောကြောင့် အာမခံ လျှောက်ထားရန် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြသည်ဟု သူက ဆက်ပြောသည်။ ၎င်းတို့ ပြင်ပသို့ ရောက်ပြီးနောက် တခြားဆန္ဒပြသူများနှင့် တွေ့ဆုံပါက အာဏာပိုင်များ သံသယ ပိုမိုဝင်ပြီး တခြားသူများကို ထပ်မံဖမ်းဆီးမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ဆိုင်းငံ့ခြင်းဖြစ်ကြောင်းလည်း သူက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ယိုင်နဲ့နေကြောင်း သူ၏ အမှုက ပြသနေသည်ဟု ဒီးဒီက ဆိုသည်။ ကရင်နီ ပြည်နယ်အစိုးရသည် လူငယ် ၂၃ ဦးလုံးကို တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး အရေးယူရန် ဆန္ဒရှိနေကြောင်း သူသိသည် ဟုလည်း ပြောသည်။
ဗိုလ်ချုပ်ရုပ်တု စီမံကိန်းကို ပြည်နယ်အစိုးရက ရပ်ဆိုင်းလိုက်သော်လည်း နောက်ခံပြဿနာကို ဖြေရှင်းခြင်း မရှိသောကြောင့် အချိန်မရွေး ပြန်လည်စတင်နိုင်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
သြဂုတ်လ ၂၉ ရက်နေ့က ပြန်လွှတ်ပေးခြင်းခံရသော အခြား တက်ကြွလှုပ်ရှားသူ ကိုမျိုးလှိုင်ဝင်းက “ကျနော်တို့က လူငယ် ပညာတတ်တွေ။ ကျနော်တို့မှာ ဂုဏ်သိက္ခာရှိတယ်။ အစိုးရက ကျနော်တို့ကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲပြီး သိက္ခာချနေတယ်။ တော်တော် စိတ်ပျက်စရာကောင်းတယ်” ဟု ပြောသည်။
“အစိုးရက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရဆိုပေမယ့် စစ်အစိုးရလို လုပ်နေတယ်။ ဒီလိုမျိုးတွေ မလုပ်သင့်ဘူး။ ကျနော်တို့က အကြမ်းဖက်ခဲ့တာ မဟုတ်ဘူ။ ကျနော်တို့ရဲ့ ဆန္ဒပြပွဲက ငြိမ်းချမ်းပြီး ရိုးရှင်းတယ်။ ကျနော်တို့မှာ ကျနော်တို့ဆန္ဒကို ထုတ်ဖော်ခွင့်ရှိတယ်” ဟု သူက ဆက်ပြောသည်။
ကရင်နီနှင့် မြန်မာ အသိုင်းအဝန်းများအကြား အမုန်းတရား မီးထိုးပေးသည်၊ ပြည်ထောင်စုမှ ခွဲထွက်ရန် အားထုတ်ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ဆန္ဒပြလူငယ်တို့ကို မှားယွင်း စွပ်စွဲကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
“ကျနော်တို့ အကြမ်းမဖက်ခဲ့ဘူး။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တယ်။ ကျနော်တို့မှာ ကန့်ကွက်ခွင့်ရှိတယ်။ ကျနော်တို့ စာရွက်စာတမ်းတွေ ဝေတယ်။ ကျနော်တို့က ကျနော်တို့ ပြည်သူတွေ အကြမ်းဖက်ဖို့လည်း အားမပေးခဲ့ဘူး” ဟု ဒီးဒီက ပြောသည်။
“ဒီ စွဲချက်တွေက ကျနော်တို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တယ်။ ကျနော်တို့ကို ဖိနှိပ်ဖို့ ရည်ရွယ်တယ်” ဟုလည်း သူက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းအကြီးတန်း သတင်းထောက် လဝီဝမ်ရေးသားသည့် Karenni Protesters Who Were Detained for Statue Protest Freed on Bail ကို ဆီလျော်အောင် ဘာသာပြန်သည်။)