တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ဖမ်းဆီးခြင်းခံထားရသော နန်းမိုဟွမ် လွတ်မြောက်ရေး ကူညီပေးပါရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ တောင်းဆိုထားကြောင်းသတင်းရရှိသည်။
SNLD က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အကူအညီ တောင်းသည့် အိတ်ဖွင့်ပေးစာအား သြဂုတ်လ ၂၇ ရက်ကပေးပို့ထားခြင်း ဖြစ်ပြီး ၅ ရက်ကြာသည်အထိ နိုင်ငံတော် အတိုင်ပင်ခံဘက်မှ နန်းမိုဟွမ်ကိစ္စကို ဆောင်ရွက်ခြင်း မတွေ့သဖြင့် အိတ်ဖွင့်ပေးစာကို ပြည်သူလူထုသိရှိရန် လူမှုကွန်ရက်မှ တဆင့် ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။
SNLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းလိတ် က “အဖမ်းဆီးခံထားရတာက ၂ ပတ်ကျော်သွားပြီ။ အဲ့ဒါကြောင့် အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုလိုက်တယ်။ သူကအပြစ်မဲ့တဲ့နိုင်ငံသား တယောက်အနေနဲ့ သူ့ရဲ့လုံခြုံမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်တွေကို ချိုးဖောက်ခံရပြီးမှ ဥပဒေပြင်ပ အဖွဲ့အစည်းတခုက ဖမ်းထားတာက တရားနည်းလမ်း မကျဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားသော စာထဲတွင် TNLA အဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက် အဖွဲ့ အစည်းဟု သတ်မှတ်ခြင်း ခံထားရကြောင်း၊ သို့သော် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် တတ်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံထားပြီး ငြိမ်းချမ်းရေး ကော်မရှင်နှင့် လည်း အဆက်အသွယ် ရှိကြောင်း၊ အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးဖက်TNLA မှ အရပ်သား ပြည်သူကို ဥပဒေမဲ့ ဖမ်းဆီးသွားသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရေးကို ကူညီဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ဦးစိုင်းလိတ်က “ကျနော်တို့ သူ့ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု လုံခြုံမှု သူ့ရဲ့အသက်အန္တရာယ်ကို ကျနော်တို့ စိုးရိမ်တယ်။ ဒါ့ကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရတာဝန်ရှိသူများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ဖို့ ထပ်မံတပ်လှန့်လိုက်တာပါ” ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ဟိုနောင်ရပ်ကွက်တွင် အိမ်ဆောက်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၅ နှစ်အရွယ်ရှိ နန်းမိုဟွမ်ကို TNLA တပ်ဖွဲ့ဝင် ၅ ဦးက သြဂုတ်လ ၁၇ ရက် မနက်ပိုင်းတွင် သေနတ်ဖြင့်ချိန်ကာ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
နန်းမိုဟွမ်ကို ဖမ်းဆီးရခြင်းမှာ TNLA ၏ ဥပဒေကို ချိုးဖောက်ခြင်းကြောင့် ဖြစ်သည်ဟု TNLA ဘက်မှ ပြောသော်လည်း နန်းမိုဟွမ်၏ မိသားစုဝင်များကမူ ၂၀၁၇ ခုနှစ်က TNLA အဖွဲ့ဝင် ၂ ဦး ငွေ ၁၀ သိန်းကျော် လာတောင်းယူပြီး အပြန်လမ်းတွင် တပ်မတော်မှ ဖမ်းဆီးပစ်ခတ်ခံရခြင်းကြောင့် မသင်္ကာမှုဖြင့် ဖမ်းဆီခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်းပြောသည်။
TNLA တပ်ဖွဲ့ဝင် ၂ ဦး ငွေတောင်းပြီး အပြန်လမ်းတွင် တပ်မတော်မှ ပစ်ခတ်ဖမ်းသဖြင့် တဦးသေပြီး တပ်ကြပ်တဦးက လားရှိုး အကျဉ်းထောင်တွင် ထောင်ကျနေကြောင်း၊ ထိုဖြစ်စဉ် ဖြစ်ပြီးနောက် နန်းမိုဟွမ်ကို တပ်မတော်အား သတင်းပေးသည်ဟု ဆိုကာTNLA မှ ဖုန်းဖြင့် စွပ်စွဲဖူးကြောင်း နန်းမိုဟွမ်၏ အမျိုးသား ဦးစိုင်းစောရွှေက ပြောသည်။
ဦးစိုင်းစောရွှေက ၎င်း၏ ဇနီးနန်းမိုဟွမ်မှာသတင်းပေးမဟုတ်ဟု ဧရာဝတီသို့ ပြောသည်။
နန်းမိုဟွမ်ဖမ်းဆီးခံရပြီးနောက် အမျိုးသားဖြစ်သူမှာလည်း လုံခြုံရေးအရ အိမ်တွင်မနေရဲသဖြင့် ရှောင်တိမ်းနေပြီး ကလေး ၃ ဦးကိုလည်း ရွာတရွာသို့ ပို့ထားရသည်ဟု ဆိုသည်။
ဦးစိုင်းလိတ်က နန်းမိုဟွမ်မှာ အရပ်သားပြည်သူဖြစ်သဖြင့် ၎င်း၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်များ ရရန်နှင့် ဖမ်းဆီးခံထားရသည်မှ လွတ်မြောက်ရေးအတွက် တိုက်ရိုက် တာဝန်ရှိသူမှာ နိုင်ငံတော် အစိုးရ ဖြစ်သည်ဟု ပြောသည်။
အရပ်သားပြည်သူ လူထုအနေဖြင့် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းအားလုံးကို မသိနိုင်သဖြင့် ဥပဒေပြင်ပ အဖွ့ဲအစည်း တခုဖြစ်သည့် TNLA ထုတ်ထားသည့် စည်းကမ်း ဥပဒေများကို မသိသည်မှာ ပြဿနာ မဟုတ်ကြောင်း၊ လက်ရှိတွင် တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေသဖြင့် ပြည်သူလူထု၏ မိဘဖြစ်သည့် အစိုးရနှင့် တပ်မတော်က တာဝန်ယူ ဖြေရှင်းပေးပါဟုလည်း ဦးစိုင်းလိတ်က ဆိုသည်။
ဦးစိုင်းလိတ် က “TNLA အဖွဲ့အစည်းကို ပြောလိုတာက ကိုယ့်ရပ်တည်မှု တခုအမျိုးသား အကျိုးစီးပွားတခုတည်းကို မကြည့်ပဲ တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ညီညွတ်ရေးကို ထောက်ရှုပြီး ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က လက်ရှိတွင် နန်းမိုဟွမ်နှင့် ပတ်သတ်၍ ထူးထူးခြားခြား ပြောဆိုရန် မရှိသေးကြောင်း၊ နန်းမိုဟွမ်ကို မည်သည့်ပုံစံ့ဖြင့် အရေးယူမည်ကို ဆုံးဖြတ်ပြီးနောက်မှသာ ပြန်ရှင်းပြနိုင်မည်ဟု ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာထက် ကျနော်တို့ ရှင်းပြထားရှိပါတယ်။ သူဥပဒေကို ချိုးဖောက်လို့ ကျနော်တို့ ဖမ်းဆီးအရေးယူတာ ဖြစ်တယ်။ ဒါကဥပဒေ ချိုးဖောက်လို့ ဖြစ်ပါတယ်” ဟု ပြောသည်။
နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် တောင်းဆိုနေသည့် ထုလ့်မောဝ်ဒေသ သံဃာတော်များ အဖွဲ့မှ ဒုတိယအတွင်းရေးမှူး အရှင်နန္တဝန် က “အခုလိုပြောတာ ရယ်စရာတွေ ဖြစ်နေတယ်။ ဦးဇင်းတို့ ဒီမြို့မှာ မွေးကတည်းကနေ အခုအသက် ၄၀ နီးပါး ရောက်နေပြီ။ TNLA ကပဲ ဖြစ်ဖြစ်ဘယ်အဖွဲ့ကမှ ဥပဒေဆိုတာ တခါမှ မကြားဖူးဘူး။ TNLA ဥပဒေဆိုတာ မကြားဖူးသလို သူတို့ချလည်း မပြထားဘူး။ ဥပဒေဆိုတဲ့စကားလုံးကလည်း အစိုးရမှပဲ သုံးသင့်တာ။ အစိုးရအဖွဲ့အစည်း မဟုတ်ဘဲ သုံးတာကမသင့်တော်ဘူး။ မှန်လည်းမမှန်ဘူး” ဟု မိန့်သည်။
နမ့်ခမ်းမြို့ရှမ်းလူငယ်အဖွဲ့များ ၊ ထုလ့်မောဝ်ဒေသ သံဃာတော်များ အဖွဲ့ နှင့် နမ့်ခမ်းမြို့ ဒေသခံများကလည်း နန်းမိုဟွမ်ကို အမြန်လွတ်ပေးရန် သြဂုတ်လ၂၈ ရက်က TNLA ဥက္ကဋ္ဌ ထံလိပ်မူပြီး စာပို့တောင်းဆိုကာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်တို့ကိုလည်း တိုင်ကြားထားသည်။
ဆက်လက်၍ အရှင်နန္တဝန်က “နမ့်ခမ်းမှာ ရှမ်းလူမျိုးနဲ့ ပလောင်လူမျိုးဆိုတာ ရှေးပဝေသဏီတည်းက အတူနေထိုင်လာကြတာ။ အပြော အဆိုကအစ တအားရင်းနှီးပြီး မောင်နှမလို ဆက်ဆံကြတာ ။ အခုဒီကိစ္စ ဖြစ်ပြီးတော့လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ရဟန်း သံဃာပဲ ဖြစ်ဖြစ် မြင်ပြီဆို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပြီ။ ဒီလုပ်ရပ်ကြောင့် လူမျိုး ၂ မျိုးကြားမှာ ယုံကြည်မှု ပျက်ပြားသွားတယ်” ဟု မိန့်ကြားသည်။
ဆက်စပ်ဖတ်ရှုရန် – ကျနော့်အမျိုးသမီးကို မြန်မြန်လွှတ်ပေးစေချင်တယ်