နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသည် တပ်မတော်က ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်များတွင် ကျုးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ပေးထားခြင်းဖြင့် ရက်စက်သော ရာဇဝတ်မှုများကျုးလွန်ခြင်းတွင် ပါဝင်ပတ်သက်နေသည်ဟု မကြာသေးမီက ထုတ်ပြန်သည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အစီရင်ခံက ဖော်ပြထားသည်။
ထိုသို့ပါဝင်ပတ်သတ်နေခြင်းကို အစီအရင်ခံစာက အချက်လေးချက်ဖြင့်ထောက်ပြထားသည်။ ၎င်းတို့မှာ အရပ်သားအာဏာပိုင် အစိုးရသည် မှားယွင်းသော အကြောင်းအရာများ အချက်အလက်များကို ဖြန့်ချိမှုကို ခွင့်ပြုထားသည်။ တပ်မတော် ကျုးလွန်သော စစ်ရာဇဝတ်မှုများကို ငြင်းဆိုသည်။ အချက်အလက် ရှာဖွေရေး အဖွဲ့ အပါအဝင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များကို ပိတ်ဆို့ထားသည်။ ထို့အပြင် ရာဇဝတ်မှု ကျုးလွန်သည့် သက်သေအထောက်အထားများကို ဖျက်ဆီးရာတွင် ကြီးကြပ်ခဲ့သည်ဟု ဖော်ပြသည်။
“၎င်းတို့၏ လုပ်ရပ်နှင့် ထိန်ချန်ခြင်းတို့မှ တဆင့် အရပ်သားအာဏာပိုင်များသည် ရက်စက်သော ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို အထောက်အကူပြုခဲ့သည်” ဟု အစီရင်ခံစာက ရေးသည်။
နိုင်ငံတော် အတိုင်ပင်ခံသည် ဖြစ်ပေါ်နေသော ဖြစ်ရပ်များကို တားဆီးရန် သို့မဟုတ် ဟန့်တားရန် သို့မဟုတ် အရပ်သားများကို ကာကွယ်ရန် သူမ၏ အစိုးရအကြီးအကဲတဦးအနေဖြင့် အမည်မခံသော ရာထူးအာဏာကိုဖြစ်စေ သြဇာအရှိန်အဝါကိုဖြစ်စေ အသုံးမပြုခဲ့ကြောင်း အစီရင်ခံက အပြစ်တင်ထားသည်။
သို့သော် မြန်မာအစိုးရသည် မှားယွင်းသော အကြောင်းအရာ အချက်အလက်များကို မည်သို့ဖြန့်ချိသည် သို့မဟုတ် ရာဇဝတ်မှုကျူးလွန်သော နေရာများတွင် အထောက်အထားများကို ဖျက်ဆီးရာတွင်မည်သို့ပါဝင်ပတ်သက်သည်ကို ထိုအစီရင်ခံစာတွင် အတိအကျ ဖေါ်ပြထားခြင်း မရှိပေ။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်တန်း ဗိုလ်ချုပ်ကြီးများကိုရ ခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် “လူမျိုးတုံးသတ်ဖြတ်မှု” နှင့် ကချင်ပြည်နယ် ရှမ်းပြည်နယ်တွင် ဖြစ်ပွားသည့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများ” အတွက် စစ်ဆေး အရေးယူရမည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
ထိုပြည်နယ်များတွင် အဓိကအားဖြင့် တပ်မတော်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည့် ဗြောင်ကျသော လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ညှင်းပမ်းနှိပ်စက်မှု ပုံစံများသည် နိုင်ငံတကာဥပဒေအရ အပြင်းထန်ဆုံးပြစ်မှုများဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများ တွေ့ရှိကြောင်း အစီရင်ခံစာတွင် ဖေါ်ပြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တပ်မတော်နှင့် လုံခြုံရေးတပ်စခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီးနောက် ပြုလုပ်သော တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် လွန်ခဲ့သော သြဂုတ်လမှ စတင်ပြီး ရိုဟင်ဂျာခေါ် ဘင်္ဂလီ ၇ သိန်းကျော်တို့သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
ဒုက္ခသည်များပြန်လည်လက်ခံရေး ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့နှင့် မြန်မာအစိုးရအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည်မှတပါး ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် ပဋိပက္ခနယ်မြေအားလုံးတွင် ဗြောင်ကျသည့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ဖြစ်ပေါ်နေသည်ကို အသိအမှတ်ပြုရန် ပျက်ကွက်သည်ဟု လူ့အခွင့်အရေး လေ့လာသူများက ပြောသည်။
အစိုးရသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအသိုင်းအဝန်း၏ ထိုပဋိပက္ခဒေသများသို့ သွားရောက်ခွင့်ရရန် သို့မဟုတ် စုံစမ်းစစ်ဆေးခွင့်ပြုရန် စဉ်ဆက်မပြတ် တောင်းဆိုမှုများတွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်းလည်း မပြုခဲ့ပေ။
အစိုးရသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ကို အားမထားဘဲ နိုင်ငံတကာကျွမ်းကျင်သူများ ပါဝင်သည့် ကိုယ်ပိုင် သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
“မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် တိုင်းပြည်ရဲ့ ခေါင်းဆောင်ဆိုတဲ့ သူ့ရဲ့အနေအထားကြောင့် ဒီရာဇဝတ်မှုတွေအတွက် တာဝန်ရှိသလို ဖြစ်နေတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကုလသမဂ္ဂ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့သည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပိုမို မီးထိုးပေးလိမ့်မည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွန်ခဲ့သောနှစ်က ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့သည်။
“အရပ်သား အစိုးရရဲ့ခေါင်းဆောင်အနေနဲ့ သူ့အစိုးရ အောက်မှာ လုပ်ခဲ့တာတွေအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ယူဆကြတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံသည် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာ နှစ်စောင်ကို ပယ်ချခဲ့ပြီးဖြစ်ကာ တစောင်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟိလီ ရေးသားသည့် အစီရင်ခံစာဖြစ်ပြီး အခြားတစောင်မှာ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာဖြစ်သည်။
ထိုသို့ပယ်ချခြင်းကြောင့် အစိုးရသည် မကြာသေးမီက အစီရင်ခံစာတွင် “သက်သေအထောက်အထားများ ဖျက်ဆီးခြင်းကို ကြီးကြပ်သည်” ဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ရှင်းပြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာက အစိုးရသည် မြေပြင်မှ ၎င်းတို့ တွေ့ရှိချက်နှင့်ပတ်သတ်သော အမှန်တရားများကို ဖုံးကွယ်ထားသည်ဟု ဖေါ်ပြထားသည်။
မြန်မာနိုင်ငံမှ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို လေ့လာနေသော လွတ်လပ်သောသုတေသီ ဒေးဗစ်စကော့မက်သီဆန်က “မြန်မာနိုင်ငံက ဘယ် လူ့အခွင့်အရေးချိုးဖေါက်မှုအတွက်မှ ဒေါ်အောင်ဆန်းစုကြည်အစိုးရမှာ တာဝန်ရှိတယ်လို့ မထင်ဘူး” ဟုဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တာဟာ ထိရောက်မှု ရှိတယ်ဆိုရင်တောင်မှ နည်းနည်းပဲ ရှိမယ်။ သူမရဲ့အစိုးရဟာ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေကို အမြဲငြင်းတယ်။ အဲဒါဟာ တပ်မတော်က ငြင်းလို့ သူတို့ငြင်းရတာ။ ဒါနဲ့တော့ သူတို့မှာ တာဝန်ရှိတယ်လို့ပြောလို့မရဘူး။ ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျူးလွန်ရာမှာ ကူညီတယ်လို့ပဲ ပြောလို့ရတယ်” ဟု သူက ဆိုသည်။
အစိုးရနှင့် တပ်မတော်တို့၏ စုံစမ်းစစ်ဆေးမှုများသည် ဖုံးကွယ်မှုများ ရှိနေပြီး ယုံကြည်မှု မရရှိကြောင်းလည်း ဒေးဗစ်စကော့မက်သီဆန်က ဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ဖေ့ဘွတ်စာမျက်နှာသည် ရခိုင် ပဋိပက္ခ အရှိန်မြင့်နေချိန်အတွင်း သတင်းထုတ်ပြန်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု လေ့လာသူများကမြင်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသောဖြစ်ရပ်နှင့် ပတ်သက်သည့် သတင်းများကို အချိန်မီဖေါ်ပြနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းထုတ်ပြန်ရေးကော်မတီကို ၂၀၁၆ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကော်မတီဥက္ကဌအဖြစ် တာဝန်ယူပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်စိုးနိုင်ဦးက ဒုဥက္ကဌ တာဝန်ယူကာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးသည် ကော်မတီအတွင်းရေးမှူးဖြစ်သည်။
ထိုကော်မတီက ဖေ့ဘွတ်စာမျက်နှာကို တာဝန်ယူပြီး နောက်ဆုံးရသတင်းများကိုတင်ကာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏ စွပ်စွဲချက်များဖြစ်သည့် ရခိုင်ပြည်နယ်မှ လုံခြံရေးတပ်များ၏ တရားစီရင်မှုမဲ့ သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို တုံ့ပြန်သည်။ ထိုအဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံ၏ အမည်ကို သုံးပြီး တဖက်သတ်သတင်းများ ထုတ်ပြန်နေခဲ့သည်ဟု ဝေဖန်မှုများရှိလာပြီးနောက် ထိုအဖွဲ့၏အမည်ကို သတင်းထုတ်ပြန်ရေးကော်မတီဟု အမည်ပြောင်းလိုက်သည်။
အရပ်သားအာဏာပိုင်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်သည် တပ်မတော်၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်လောက်အောင် မရှိကြောင်း လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသော်လည်း အရပ်ဖက်အာဏာပိုင်များသည် ရခိုင်ပြည်နယ်အခြေအနေကို သြဇာသက်ရောက်အောင် အကန့်အသတ်ဖြင့် ရရှိထားသော ထိုလုပ်ပိုင်ခွင့်ကိုပင် မသုံးခဲ့ကြောင်းဖေါ်ပြသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တပ်မတော်သည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာစသည့် ဝန်ကြီးဌာနသုံးခုကို ထိန်းချုပ်ထားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံ၏ အခြားရှုပ်ထွေးသော ပြဿနာများကို တိုးတက်လာအောင် လုပ်ဆောင်နေရသောကြောင့် တပ်မတော်နှင့် တည်ငြိမ်သည့် ဆက်ဆံရေးထူထောင်ထားရစဉ် ပြင်းထန်သော နိုင်ငံတကာဝေဖန်မှုများ ခံရခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။
“အခုပြဿနာတွေကိုကြည့်လိုက်ရင် ဒီနိုင်ငံမှာ အရပ်သားအစိုးရမှာ အာဏာအပြည့်အဝမရှိဘူးဆိုတာကို ပြသနေတယ်။ အာဏာ တစိတ်တပိုင်းပဲ ရှိတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။
“ဒါဟာ မြန်မာအစိုးရအတွက် သင်ခန်းစာတခုပဲ။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုကို ပယ်ချလိုက်တာနဲ့ ပြဿနာတွေက ပြီးမသွားဘူး။ အကျိုးဆက်တွေ၊ ဖိအားတွေ ခံရမှာပဲ။ အနည်းဆုံးတော့ ကျနော်တို့မှာ ဖုံးကွယ်ထားတာ ဘာမှမရှိရင် စုံစမ်းစစ်ဆေးတာမျိုးမှာ ပူးပေါင်းဆောင်ရွက်သင့်တယ်” ဟု သူက ဆက်ပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Myanmar Govt Faces Accusations of Whitewashing Army War Crimes တွင် ဖတ်ရှုပါ)